Tuesday, 31 August 2010

မှော်လက်စွပ် -အပိုင်း (၅)ဇာတ်သိမ်း


မှော်လက်စွပ် -အပိုင်း (၁)

မှော်လက်စွပ် - အပိုင်း(၂)


မှော်လက်စွပ် -အပိုင်း(၃)

မှော်လက်စွပ်အပိုင်း(၄)



"နက်ကျားရာ ညံ့လိုက်တာ။ မြို့သွားပြီး စားစရာရှာကြမယ်။ မုန့်လုံးကြီးကြော် ရောင်းတဲ့လူလာရင် ငါက သူ့ဗန်းကို ပစ်ချပြီး ငါ့နောက်ပြေးလိုက်လာအောင် ကြိုးစားမယ်။ သူက ငါ့နောက်ကို ပြေးလိုက်တဲ့အချိန် မင်းက သူ့ဗန်းထဲက မုန့်တွေ သယ်ပြီး သခင့်ဆီ ပြေးပို့ပေး။"

အဲဒါနဲ့ သူတို့ လမ်းအတိုင်းသွားကြတော့ လူတစ်ယောက်ဟာ မုန့်ဗန်းကို ခေါင်းပေါ်တင်ပြီး လမ်းလျှောက်လာတာ တွေ့ရတယ်။ ခွေးက အဲဒီလူရဲ့ ခြေထောက်ကို ပြေးတိုက်ပြီး ဗန်းပြုတ်ကျအောင် လုပ်လိုက်တယ်။ သနားစရာကောင်းတဲ့ မုန့်ဗန်းသယ်တဲ့လူဟာ သူ့နောက်ကို ခွေးရူးလိုက်ပါတယ်ဆိုပြီး ထွက်ပြေးသွားပါလေရော။

ကြောင်နက်ကျားဟာ မုန့်တစ်လုံးကို ချီပြီး မာတင်ဆီသွားတယ်။ အဲဒီမုန့်လေးကို ကျွေးတယ်။ နောက်တစ်လုံးသွားပြေးယူတယ်။ ထပ်လာကျွေးတယ်။ နောက်တစ်လုံး သွားယူပြန်တယ်။ ကျွေးပြန်တယ်။ နောက်ပြီး လမ်းမှာ ဂေါ်ဖီထုပ်စွပ်ပြုတ်ယူလာတဲ့ လူတစ်ယောက်ကိုလည်း ခြောက်လှန့်ပြီး စွပ်ပြုတ်ပန်းကန်ကို သူတို့သခင်အတွက် ယူလာပေးပြန်တယ်။ မိုးမှောင်နဲ့ နက်ကျားဟာ တစ်ဆယ်သုံးလုံးမင်းနေပြည်တော်ကို သွားပြီး ကြွက်ပြည်ထောင်စုထဲက မှော်လက်စွပ်ကို ပြန်ယူလာဖို့ ဆုံးဖြတ်ချက်ချတယ်။ သွားရမယ့် ခရီးက ဝေးကွာတယ်။ ဒါကြောင့် သူတို့ဟာ ကုန်လှောင်ရုံတစ်ခုကနေ မုန့်တွေ၊ ကိတ်မုန့်တွေ၊ စားသောက်စရာတွေကို တစ်နှစ်စာထိ ဖူလုံအောင် ယူလာပြီး မာတင်ကို ပေးအပ်ကြတယ်။

"ဒါတွေ စားထားပြီး ကျွန်တော်တို့ ပြန်လာတာကို စောင့်နေပါ သခင်မာတင်။ ဒီစားစရာတွေက ကျွန်တော်တို့ ပြန်လာတဲ့အထိ ခံပါလိမ့်မယ်။"

ကြောင်နဲ့ခွေးက သခင်ကို နှုတ်ဆက်ပြီး ခရီးရှည်ကို ထွက်သွားကြတယ်။ သွားရင်းသွားရင်း သူတို့ဟာ ပင်လယ်ပြာပြာကြီးဆီ ရောက်သွားကြတယ်။ ခွေးက ပြောတယ်။

"ငါကတော့ ဟိုဘက်ကမ်းကို ကူးသွားနိုင်တယ်။ မင်းရော။"

"ငါကတော့ ရေမကူးတတ်ဘူး။ အချိန်မရွေးရေနစ်သွားနိုင်တယ်။"


"ဒါဆို ငါ့ကျောကုန်းပေါ်တက်" လို့ပြောပြီး ခွေးက ကြောင်ကို ကုန်းပိုးပြီး သယ်သွားတယ်။

ဟိုဘက်ကမ်းကို ရောက်တယ်ဆိုတာနဲ့ တစ်ဆယ်သုံးလုံး မင်းနေပြည်တော်နဲ့ ကြွက်ပြည်ထောင်စုကို တွေ့လိုက်ရတယ်။ ဒီပြည်မှာ လူတစ်ယောက်မှ မရှိဘူး။ ကြွက်တွေကတော့ မရေမတွက်နိုင်အောင် ရှိတယ်တဲ့။ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် ကြွက်တွေက ထောင်နဲ့ချီပြီး ရှိနေသတဲ့။

ဒီတစ်ခါတော့ "မင်းအလှည့်ပဲ နက်ကျားရေ။" လို့ ခွေးကပြောတယ်။ "ဒီကြွက်ကောင်တွေရဲ့ ဇက်ကို လိုက်ချိုးပေတော့။ ငါက ကိုယ်လုံးတွေ လိုက်ကောက်ပေးမယ်"

ကြောင်နက်ကျားက သူ့ရဲ့ အမဲလိုက်ပညာတွေ အားလုံးကို အသုံးပြုလိုက်တယ်။ တခါတည်း တိုက်ခိုက်လိုက်တာနဲ့ အားလုံးပြုတ်ပြုတ်ပြုံး ပါလေရော။ ခွေးက ကြွက်ကိုယ်လုံးတွေ ကို ကြောင်ခုတ်တာနဲ့ အမီ မနည်း လိုက်ကောက်ရတယ်။ တစ်ပတ်လောက်ကြာတော့ ကြွက်အလောင်း အပုံကြီးက ဟီးထနေတာပေါ့။ ကြွက်တွေအားလုံးဟာ ကြောက်ရွံ့တုန်လှုပ်ပြီး ငိုကြွေးနေကြတယ်။ နောက်ဆုံး ကြွက်ဘုရင်မင်းတရားကြီးက သူ့ကျင်းလေးထဲက ထွက်ပြီး ကြောင်နဲ့ခွေးကို တောင်းပန်သတဲ့။

"ဦးညွတ်အရိုအသေပြုအပ်ပါသည် စစ်သည်တော်ကြီးများ။ ကျွန်ုပ်တို့ တိုင်းပြည်က ကြွက်အပေါင်းကို ငဲ့ညှာသနားပါဦး။ အသက်ချမ်းသာပေးပါ။ အသင်တို့ အလိုရှိရာကိုသာ ပြောကြားပါ။ ကျွန်ုပ်ဆောင်ရွက်ပေးပါ့မယ်။"

ခွေးက ပြောတယ်။

"သင့်ပြည်ထောင်စုထဲမှာ နန်းတော်တစ်လုံးရှိတယ်။ အဲဒီမှာ မင်းသမီးတစ်ပါးနေထိုင်နေတယ်။ အဲဒီမင်းသမီးဟာ ကျွန်ုပ်တို့ သခင်ရဲ့ မှော်လက်စွပ်ကို ခိုးသွားတယ်။ အဲဒီလက်စွပ်ကို ပြန်ယူလာပေးပါ။ မယူလာပေးရင် သင့်ရဲ့ နိုင်ငံတစ်ခုလုံး ပျက်စီးသွားစေရမယ်။"

ကြွက်မင်းကြီးက

"နေပါဦး။ မှူးမတ်တွေကို တိုင်ပင်ပြီး ပြန်လည် အကြောင်းကြားပါ့မယ်။"

အဲဒီနောက် ကြွက်တွေကြီးကြီးငယ်ငယ် ပျိုပျိုရွယ်ရွယ် အားလုံးကို စုစည်းပြီး နန်းတော်ထဲကို ၀င်ပြီး မင်းသမီးရဲ့ လက်စွပ်ကို ပြန်ခိုးလာပေးဖို့ အမိန့်ပေးလိုက်တယ်။ ကြွက်ကလေး သေးသေးလေး တစ်ကောင်က ပြောတယ်။

"ကျွန်တော်မျိုးဟာ အဲဒီနန်းတော်ကို ခဏခဏရောက်ဖူးတယ်။ မင်းသမီးလေးဟာ နေ့ခင်းဘက်ကမှာ လက်စွပ်ကို စွပ်ထားပြီး ညဘက်ဆိုရင် ပါးစပ်ထဲငုံပြီးမှ အိပ်ပါတယ်။"

"ကောင်းပြီ။ ရအောင် သွားယူလာခဲ့ပါ လို့ ကြွက်မင်းကြီးက ပြောတယ်။ အောင်မြင်ရင် မောင်မင်းကို ဆုတော်လာဒ်တောင် ကောင်းကောင်းချမယ်။"

ကြွက်ကလေးဟာ ညရောက်တဲ့အထိ စောင့်ပြီး မင်းသမီးလေးရဲ့ အိပ်ရာထက်ကနေစောင့်နေတယ်။ မင်းသမီးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ ကြွက်ကလေးက မင်းသမီးလေးရဲ့ နှာခေါင်းပေါက်ထဲကို သူ့အမြီးကလေးနဲ့ ကလိလိုက်တဲ့အခါ နှာချေရင်းနဲ့ လက်စွပ်ဟာ ပါးစပ်ထဲက ထွက်ကျပြီး ကော်ဇောပေါ် ကျသွားတယ်။ ကြွက်ကလေးက အိပ်ရာပေါ်ကဆင်ပြီး လက်စွပ်ကို ကိုက်ချီပြီး ဘုရင်ကြီးဆီ ဆက်သလိုက်တယ်။ ကြွက်ဘုရင်ကြီးက မိုးမှောင်နဲ့ နက်ကျားဆိုတဲ့ စစ်သည်တော်ကြီး နှစ်ဦးကို လက်စွပ်ကလေး ထပ်ပြီး ကမ်းပေးတယ်။ မိုးမှောင်နဲ့ နက်ကျားက လက်စွပ်ကို ဘယ်သူထိန်းသိမ်းမလဲ ဆွေးနွေးကြတယ်။

"ငါ့ကိုပေး။ ငါထိန်းသိမ်းမယ်။ မပျောက်ရှစေရဘူး။"

"ကောင်းပြီး။ မင်းအသက်နဲ့လဲပြီး ထိန်းသိမ်းပါ" လို့ ခွေးက ပြောပြီး အပြန်ခရီးကို စတင်ကြတယ်။

ပင်လယ်ကိုရောက်တော့ နက်ကျားလက်စွပ်ကို ပါးစပ်ထဲငုံပြီး ခွေးရဲ့ကျောကုန်းပေါ်က အမွှေးတွေကို လက်နဲ့မြဲမြဲဆုပ်ကိုင်ရင်း လိုက်သွားတယ်။ တစ်နာရီ နှစ်နာရီလောက် ကူးမိတဲ့အခါ ကျီးကန်းနက်ကြီး တစ်ကောင်ပေါ်လာပြီး နက်ကျားရဲ့ ခေါင်းကို ထိုးဆိတ်တိုက်ခိုက်တာ ကြုံရသတဲ့။ ကြောင်ကလေးခမျာ သူ့ကိုယ်သူ ဘယ်လိုခုခံရမလဲ စဉ်းစားမရဘူး ဖြစ်နေတယ်။ သူ့လက်တွေက ခွေးမိုးမှောင်ရဲ့ အမွေးတွေကို မလွှတ်တမ်းဆုပ်ကိုင်ထားရတာကိုး။ လွှတ်လိုက်တာနဲ့ ရေထဲ ပြုတ်ကျပြီး အသက်ဆုံးနိုင်တယ်။ သူ့သွားတွေနဲ့ ကိုက်ရင်လည်း လက်စွပ်ပြုတ်ကျသွားနိုင်တယ်။ သူ့ခေါင်းတွေဟာ ကျီးကန်းကြီး ဆိတ်လွန်းလို့ သွေးချင်းချင်းနီနေတယ်။ နောက်ဆုံး စိတ်တိုလွန်းလို့ သူ့ပါးစပ်ကို ဖွင့်ပြီး ခြိမ်းခြောက်လိုက်တဲ့အခါ လက်စွပ်ဟာ ပင်လယ်ကြမ်းပြင်ထဲကို ပြုတ်ကျသွားပါလေရော။ ကျီးကန်းကြီးကတော့ တောနက်ကြီးထဲကို ပျံသန်းသွားသတဲ့။ နောက်ဆုံး ကမ်းကို ရောက်တဲ့အခါ မိုးမှောင်က လက်စွပ်ဘယ်မှာလဲလို့မေးတယ်။

"ငါ့ကိုခွင့်လွှတ်ပါကွာ။ ပင်လယ်ထဲကို ပြုတ်ကျသွားပါတယ်။"

" ငတုံးကောင်။ ငါစောစောက မသိတာ မင်းကံကောင်းတယ်။ မဟုတ်ရင် ပင်လယ်ထဲ ပစ်ချထားခဲ့ပြီ။ ခု ငါတို့ရဲ့ သခင်ကို ဘယ်လိုပြန်ပြောရမလဲ ပြောစမ်းပါဦး။"

"နေပါဦးကွာ။ တို့ ပူးပေါင်း စဉ်းစားကြတာပေါ့။ ငါတို့ ဂဏန်းတွေကို ဖမ်းကြရအောင်။ ကြွက်တွေကို တို့ ဖမ်းခဲ့တဲ့နည်းအတိုင်း လုပ်ကြတာပေါ့။ ဂဏန်းတွေကတော့ လက်စွပ်ကို ရှာပေးနိုင်လောက်ပါတယ်။"

ခွေးက သဘောတူတယ်။ ဒါကြောင့် သူတို့ဟာ ဂဏန်းတွေကို ဖမ်းကြတော့ ဂဏန်းပု့ကြီးက တောင်ပုံရာပုံ ဖြစ်လာတယ်။ နောက်ဆုံးတော့ ဂဏန်းအကြီးကြီးတစ်ကောင် ထွက်လာပြီး "စစ်သည်တော်ကြီးများခင်ဗျ။ ဘာကို အလိုရှိပါသလဲ။ ကျွန်တော်တို့ကို မသတ်ပါနဲ့ ။ ခိုင်းတာမှန်သမျှ လုပ်ပေးပါမယ်လို့" ပြောတယ်တဲ့။

"ဒါဖြင့်ရင် ပင်လယ်ကြမ်းပြင်က လက်စွပ်ကို ရအောင် ယူခဲ့ပေး။ မယူနိုင်ရင် တစ်တိုင်းပြည်လုံး ဖျက်ဆီးပစ်မယ်"လို့ နက်ကျားက ပြောလိုက်တယ်။

ဂဏန်းဘုရင်ကြီးက ဂဏန်းတွေ အာလုံးကို စုပြီး လက်စွပ်အကြောင်း မေးမြန်းတယ်။ ဂဏန်းပေါက်စနလေးတစ်ကောင်က "လက်စွပ်ဘယ်မှာရှိလဲ ကျွန်တော်သိပါတယ်"လို့ ပြောတယ်။ "ငါးကြင်းကြီးတစ်ကောင် မြိုချလိုက်တာ ကျွန်တော် ကိုယ်တိုင် မြင်လိုက်တယ်။" လို့ပြောသတဲ့။ ဒါကြောင့် ဂဏန်းတွေ အားလုံးကို ပင်လယ်ထဲ ဆင်းသွားပြီး ငါးကြင်းကို ရှာတယ်။ တွေ့တဲ့အခါ ငါးကြင်းကို အတင်းဆွဲပြီး ကမ်းပေါ် ပစ်တင်လိုက်ကြတယ်။ ဂဏန်းဘုရင်ကြီးက ခွေးနဲ့ ကြောင်ကို ပြောတယ်။

"အဲဒီ ငါးကြင်းပေါ့ စစ်သည်တော်ကြီးများရဲ့။ သူ့ကိုမသနားနဲ့။ သူက လက်စွပ်ကို မြိုချပစ်လိုက်တာပါ။"

လက်စွပ်ဘယ်မှာလဲ သိလိုက်ရတာနဲ့ တပြိုင်နက် ခွေးက ငါးကြင်းကို အမြီးကနေ စပြီး ၀ါးတော့တယ်။ ကြောင်က လက်စွပ်ဘယ် အတိအကျမှာ ရှိလဲ သိတယ်။ ဒါကြောင့် ဗိုက်ကိုဖောက်ပြီး လက်စွပ်ကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ခုလိုစဉ်းစားသတဲ့။ "ငါ့သခင်ဆီ ခွေးမရောက်ခင် အရင်ပြေးပြီး လက်စွပ်ကို သွားပေးမှပဲ။ ဒါမှ သခင်က မိုးမှောင်ထက်စာရင် ငါ့ကိုပိုချစ်မှာ။"

အဲဒီအချိန်မယ် ခွေးက သူ့အစာကို စားပြီးလို့ ကြောင် ဘယ်ရောက်သွားလဲ စဉ်းစားနေတယ်။ နောက်ဆုံး ကြောင် ဘာလုပ်သွားတာလဲဆိုတာ ရိပ်မိသွားတယ်။ "တွေ့မယ် နက်ကျား။ မင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်"လို့ ပြောပြီး ကြောင်နောက်ကို ပြေးလိုက်တော့ မကြာခင် မီသွားတယ်။ သူက နက်ကျားကို ဖမ်းပြီး ခြိမ်းခြောက်တယ်။ ဒါပေမယ့် ကြောင်ကလေး နက်ကျားက သစ်ပင်တစ်ပင်ပေါ် တက်ပြေးသွားသတဲ့။

"အေး ကောင်းပြီ။ မင်း သစ်ပင်ပေါ် အမြဲမနေနိုင်ပါဘူးကွာ။ တစ်နေ့တော့ ဆင်းလာရမှာပေါ့။"

ကြောင်ကလေးက သစ်ပင်ပေါ် သုးံရက်ကြာထိုင်နေတယ်။ ခွေးကလည်း ထိုင်စောင့်နေတာ သုံးရက်ကြာသွားရော။ နှစ်ယောက်စလုံးက ဆာလောင် ပင်ပန်းနေပြီ။ နောက်ဆုံး သခင်ဆီကို အတူတူသွားပြီး လက်စွပ်ကိုပေးဖို့ သဘောတူကြတယ်။


ကျောက်တုံး ထောင်ကို ရောက်တဲ့အခါ ကြောင်က ပြတင်းပေါက်နားသွားပြီး "အသက်ရှိသေးရဲလား သခင်"လို့ မေးမြန်းတယ်။

"အလို နက်ကျား။ ငါက မင်းတို့နှစ်ယောက် ပြန်မလာနိုင်တော့ဘူးလို့ ထင်နေတာကွာ။ ငါ အစာမစားရတာ သုံးရက်ရှိပြီ။"

ကြောင်က မှော်လက်စွပ်ကို ထုတ်ပေးလိုက်တယ်။ မာတင်က လက်စွပ်ကို ထုတ်ဝတ်လိုက်တဲ့အတွက် လူငယ် ၁၂ ဦးပေါ်လာတယ်။ "ဘာအလိုရှိပါသလဲ။"

"အရင်နန်းတော် အရင် ဖန်စင်္ကြံနဲ့ ဘုံငါးဆင့်ဘုရားရှိခိုးကျောင်းတွေ ပြန်လုပ်ပေးပါ။ ငါ့ရဲ့ သစ္စာမဲ့တဲ့ ဇနီးကိုလည်း ပြန်လည်ခေါ်ဆောင်လာပေးပါ။ မနက်မလင်းခင် အပြီးလုပ်ပေးပါ"လို့ခိုင်းလိုက်တယ်။

မကြာမီပဲ လုပ်စရာရှိတာတွေ ပြီးသွားတယ်။ ဘုရင်ကြီးက နောက်နေ့မနက် နိုးပြီး မှန်ပြောင်းနဲ့ ကြည့်တဲ့အခါ အရင်လိုပဲ နန်းတော်ကြီးနဲ့ ဖန်စင်္ကြံကြီးကို တွေ့လိုက်ရတယ်။ တစ်ဘက်တစ်ချက်မှာ ရွှေပင် ငွေပင်တွေ ပေါက်လို့ပေါ့။ ဘုရင်ကြီးက သူ့ရဲ့ မြင်းထိန်းကို မြင်းတွေ အသင့်ပြင်ခိုင်းပြီး သူမြင်ရတာ အမှန်လား အိပ်မက်လားလို့ ကွဲကွဲပြားပြားသိရအောင် နန်းတော်အသစ်ဆီကို မောင်းခိုင်းတယ်။

မာတင်က ဘုရင်ကြီးကိုကို တံခါးဝမှာ ထွက်တွေ့ပြီး ခရီးဦးကြိုပြုတယ်။ ပြီးတော့ နန်းတော်ထဲကို ခေါ်သွားတယ်။ ဒါတွေအားလုံးဟာ မင်းသမီးကြောင့် ဖြစ်ရတာပါ အရှင်မင်းမြတ် ဆိုပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းလင်း တင်ပြတယ်။ ဘုရင်ကြီးက သစ္စာမဲ့တဲ့ ဇနီးဖြစ်တဲ့ မင်းသမီးကို သေဒဏ်ပေးလိုက်တယ်။ မာတင်ကတော့ သူ့ရဲ့မိတ်ဆွေနှစ်ယောက်နဲ့အတူ အသက်ထက်ဆုံး နေထိုင်သွားပါတော့တယ်။

Friday, 13 August 2010

မှော်လက်စွပ် -အပိုင်း(၄)

မှော်လက်စွပ် -အပိုင်း (၁)

မှော်လက်စွပ် - အပိုင်း(၂)


မှော်လက်စွပ် -အပိုင်း(၃)





ပျိုရွယ်သူ ဇနီးမောင်နှံနှစ်ဦးဟာ အတူနေထိုင်ကြရင်း မရပ်မနားရွေ့လျားနေတဲ့ ကာလယန္တရားကြောင့် တစ်လလောက် အချိန်ကုန်သွားတယ်။ နောက် နှစ်လ။ နောက် သုံးလ။ အဲဒီကာလအတွင်း မာတင်ဟာ နန်းတော်ဆောင်တော် အသစ်တွေ၊ ဥယျာဉ်တော် အသစ်တွေကို နာရီပိုင်းမဟုတ်တောင် ရက်ပိုင်းအတွင်း ဆောက်ဆောက်သွားလိုက်တာ အများကြီးဖြစ်နေတယ်။ ဒါပေမယ့် မင်းသမီးကလေးကတော့ သူရဲ့ခင်ပွန်းဖြစ်သူဟာ တော်ဝင်သွေးပါတဲ့ တကယ့် မင်းသားတစ်ပါး မဟုတ်ဘဲ ရိုးရိုး လယ်သမားလေး ဖြစ်နေတာကို မကျေမနပ်ဖြစ်နေတယ်တဲ့။ ဒါကြောင့် သူ့ခင်ပွန်းကို ဘယ်လို ရှင်းပစ်ရမလဲလို့ ကြံစည်စဉ်းစားနေသတဲ့။

ဒါကြောင့် သူ့ခင်ပွန်းကို ချစ်ဟန် ခင်ဟန်ဆောင်ပြီး မာတင်ရဲ့ လျှို့ဝှက်ချက်ကို သိရအောင် ကြိုးစားနေတာပေါ့။ ဒါပေမယ့် မာတင်က သူ့ရဲ့ လျှို့ဝှက်ချက်ကို တစ်ခါမှ မပြောပြဘူး။ တစ်နေ့မှာတော့ မာတင်ဟာ ဘုရင်ကြီးရဲ့ သုရာသောက်ပွဲက အပြန်မှာ အိမ်ကို ပြန်လာပြီး လှဲလျောင်းနေသတဲ့။ မင်းသမီးလေးက သူ့ရဲ့ ဘေးနား လာလှဲအိပ်ပြီး စကားချိုချိုလေးတွေ နဲ့ မာတင်ရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းနေတာပေါ့။ နောက်ဆုံး စကားက ချိုလွန်းလို့ မာတင်က သူ့ရဲ့ လျှို့ဝှက်ချက်ကို ပြောပြလိုက်မိတယ်။

"ဟုတ်ပြီ။ ခု သူ့ကို ရှင်းပစ်ရမယ်၊ အဆုံးသတ်ရမယ်" လို့ မင်းသမီးက တွေးတယ်။ မာတင်အိပ်ပျော်ပျော်ချင်း မင်းသမီးလေးဟာ မာတင့်လက်သန်းက လက်စွပ်ကိုချွတ်ပြီး သူ့လက်သန်းမှာ ပြောင်းဝတ်လိုက်တယ်။ အဲဒီမှာတင် လူငယ် ၁၂ ယောက်ပေါ်လာပြီး ဘာအလိုရှိပါသလဲ မင်းသမီးလေးလို့ မေးမြန်းကြတယ်။

"နားထောင်ကြစမ်း။ နန်းတော်ရယ် ဘုရားရှိခိုးကျောင်းရယ်၊ ဖန်စင်္ကြံရယ်ကို အရုဏ်မတက်ခင် ပျောက်ကွယ်အောင် လုပ်ပြီး ငါ့ခင်ပွန်းကို အရင်ကလို ပြန်ဆင်းရဲအောင် လုပ်ပေး။ ငါ့ကိုတော့ ကိုးသုံးလုံးနိုင်ငံရဲ့ အလွန် တစ်ဆယ်သုံးလုံး မင်းနေပြည်တော်ထဲက ကြွက်ပြည်နယ်ထဲ ခေါ်သွားပေး။ ဒီမှာနေရတာ ထိပ်ထား အလွန်ရှက်နိုးတော်မူတယ်။"

"ကောင်းပါပြီ ထိပ်ထားလေး။" လို့ သူတို့က ပြောကြတယ်။ အလင်းတဖျပ်အတွင်း လေပွေတစ်ခုတိုက်ခတ်လာပြီး မင်းသမီးလေးဟာ တစ်ဆယ်သုံးလုံး မင်းနေပြည်တော်က ကြွက်ပြည်ထောင်စုကို ရောက်သွားတော့တယ်။

နောက်နေ့မနက်မှာ ဘုရင်ကြီး နိုးလာပြီး သူ့ရဲ့ မှန်ပြောင်းနဲ့ ကြည့်တဲ့အခါမှာ နန်းတော်ရော ဖန်စင်္ကြံရော ဘုံငါးဆင့် ဘုရားရှိခိုးကျောင်းရော ပျောက်ဆုံးနေတာကို တွေ့ရတယ်။ တဲအိမ်လေး တစ်လုံးပဲ ငေါင်တောင်တောင်လေး ကျန်နေတာကို တွေ့ရတယ်တဲ့။ ဘယ်လိုဖြစ်သွားတာလဲလို့ သူက တွေးမိတယ်။

"ဘယ်တွေရောက်ကုန်တာတုန်း"

နောက်တော့ သူ့ရဲ့ မင်းစေတစ်ယောက်ကို သေသေချာချာ စုံစမ်းဖို့ လွှတ်လိုက်တယ်။ မင်းစေက မြင်းကြီးစီးပြီး ကဆုန်စိုင်း ထွက်သွားတယ်။ နောက် သေသေချာချာ လေ့လာမှတ်သားပြီး ဘုရင်ကြီးဆီ ပြန်လည် သံတော်ဦးတင်သတဲ့။

"အရှင်မင်းကြီး။ ကြီးကျယ်လှတဲ့ နန်းတော်ကြီးရဲ့ နေရာမှာ အခုတော့ တဲပုတ်ကလေးတစ်လုံးပဲ အရင်အတိုင်းရှိနေပါတယ်။
အထဲမှာတော့ အရှင်မင်းကြီးရဲ့ သားမက်တော်ဟာ သူ့မိခင်နဲ့အတူတူနေထိုင်ကြပါတယ်။ သမီးတော်လေးရဲ့ အရိပ်အရောင်ကို မတွေ့ရပါဘူး။ ပြီးတော့ သားမက်တော်နဲ့ သူ့မိခင်ဟာ မင်းသမီးလေး ဘယ်မှာရှိလဲဆိုတာကို မပြောနိုင်ကြပါဘူး။"

ဘုရင်ကြီးဟာ သူ့ရဲ့ လွှတ်တော်ကို ဆင့်ခေါ်လိုက်ပြီး သူ့သားမက်တော်ကို တရားစီရင်ဖို့ ခိုင်းစေလိုက်တယ်။ သူတို့က သားမက်တော်ဟာ မှော်ပညာကို သုံးစွဲမှု မင်းသမီးလေးအပေါ် မတရားနှိပ်စက်မှုနဲ့ သေဒဏ်ပေးဖို့ ဆုံးဖြတ်ကြတယ်။ မာတင်ကို ကျောက်တုံးတွေကာရံထားတဲ့ ထောင်ထဲထည့်ပြီး အစာမကျွေး ရေမတိုက်ပဲ အငတ်ထားပြီး သတ်ဖို့ ဆုံးဖြတ်ကြတယ်။
ကျောက်ထုသမားတွေက ကျောက်တုံးတွေနဲ့ ထောင်နံရံကို စတင်ဆောက်လုပ်နေကြတယ်။ အဲဒီထောင်လေးထဲမှာ ပြတင်းပေါက်လေး တစ်ပေါက်ပဲ ဖောက်ပေးထားတယ်။ မာတင်ဟာ အဲဒီမှာ အစာမစားရေမသောက်ရဘဲ နေရတာ တစ်ရက်တောင် ကြာသွားတယ်။ နောက် နှစ်ရက် သုံးရက်ကြာထိ ထိတ်လန့်တုန်လှုပ်ပြီး ငိုကြွေးနေရရှာတယ်။

မာတင်ရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ ခွေးကလေး မိုးမှောင်ဟာ သတင်းတွေအားလုံးကို ကြားသိရတဲ့အတွက် မာတင်နေထိုင်ခဲ့တဲ့ တဲပုတ်ကလေးဆီ အပြေးလာတယ်။ ကြောင်ကလေး နက်ကျားဟာ မီးလင်းဖိုပေါ် ထိုင်နေတယ်။

"ဟဲ ငပျင်းမိစ္ဆာ နက်ကျား မင်းလုပ်နိုင်သမျှက မီးလင်းဖိုပေါ်ထိုင်ပြီး အကြောဆန့်နေဖို့ပဲလားကွဟေ။ ငါတို့ရဲ့ သခင်ဟာ အကျဉ်းထောင်မှာ တိုက်ပိတ်ခံနေရတယ်။ မင်းမေ့ပြီလား။ မင်းသခင်ဟာ မင်းရဲ့ သုံးမရတဲ့ အရေပြားလေးကို ကယ်ဖို့ သူ့ရဲ့ နောက်ဆုံး ငွေတစ်ရာကို ထုတ်သုံးခဲ့တာလေ။ သူသာ မကယ်ခဲ့ရင် မင်းကို သံကောင်တွေစားလို့ အရိုးပါဆွေးတာ ကြာပြီပေါ့။ ထစမ်း။ မြန်မြန်။ ငါတို့ သူ့ကို ခုချက်ချင်းသွားကယ်ရမယ်။"

နက်ကျားဟာ မီးဖိုပေါ်ကဆင်းပြီး ခွေးလေးနဲ့အတူ သခင်ကို အရှာထွက်သတဲ့။ သခင်မာတင်ရဲ့ ထောင်ကိုရောက်တဲ့အခါ ကြောင်နက်ကျားဟာ ပြတင်းပေါက်နားကို သွားပြီး "သခင်။ အသက်ရှိသေးလား" လို့ မေးတယ်။ "မသေရုံတမယ်ပါပဲကွယ်" လို့ မာတင်က ဖြေတယ်။ "ငါ ဗိုက်ဆာတယ်။ ဆာလွန်းလို့ သေရတော့မယ်။"

"အားတင်းထားပါ သခင်။ ကျွန်တော်တို့ သခင့်အတွက် အစားအစာနဲ့ သောက်စရာတွေ ယူခဲ့မယ်။" လို့ နက်ကျားကပြောပြီး ပြတင်းပေါက်ကနေ ခုန်ထွက်လာတယ်။

"ဟေ့ မိုးမှောင် ။ တို့သခင်က အစာငတ်ပြီး သေတော့မယ်ကွ။ တို့ ဘာလုပ်ပေးကြမလဲ။"

အပိုင်း(၅)ဇာတ်သိမ်းဆက်ရန်

ဘာသာပြန်-အလှတရား

Thursday, 12 August 2010

မှော်လက်စွပ် -အပိုင်း (၃)

မှော်လက်စွပ် -အပိုင်း (၁)

မှော်လက်စွပ် - အပိုင်း(၂)




မာတင်ဟာ ဘုရင်ကြီးကို ကျေးဇူးစကားဆိုပြီး အပြန်လမ်းအတိုင်း လှည့်လာတယ်။ နောက်ဆုံး သူ့မွေးရပ်မြေကို ပြန်လာတယ်။ သူ့အမေအိုကြီးကို တွေ့ပြီး တစ်သက်ပတ်လုံး ပျော်ရွှင်စွာနေနေကြသတဲ့။ အဲဒီလိုနဲ့ တစ်နေ့တော့ မာတင်ဟာ အိမ်ထောင်ပြုဖို့ သတိရလာတယ်။ ဒါကြောင့် သူ့အမေကို သူတို့နေထိုင်တဲ့ တိုင်းပြည်ရဲ့ ပြည့်ရှင် ဘုရင်ကြီးဆီသွားပြီး သမီးတော်လေး တောင်းပေးဖို့ ပူဆာသတဲ့။

"မဟုတ်တဲ့ အတွေးတွေ မတွေးစမ်းပါနဲ့ လူလေးရယ်။ ၀ါးနိုင်တာထက်ပိုမစားစမ်းပါနဲ့။ ဘုရင်မင်းတရားကြီး အမျက်တော်ရှရင် မေမေ တို့နှစ်ယောက်လုံး သေရလိမ့်မယ်။"

"မပူပါနဲ့ မေမေရယ်။ စိတ်ချလက်ချသာသွားပြီး ဘုရင်ကြီး ဘာပြန်အမိန့်တော်ချသလဲ ရေးမှတ်ပေးခဲ့ပါ"
အမယ်အိုကြီးဟာ ဘုရင်ကြီးရဲ့ တိုင်းပြည်ကို ထွက်သွားရင်း ခွင့်မရရင် တက်ခွင့်မရတဲ့ တော်ဝင်လှေကားပေါ် တက်လိုက်တဲ့အခါမှာ အစောင့်တွေက ဖမ်းလိုက်သတဲ့။

"ရပ်စမ်း အမေအိုကြီး။ သင်ဘာလုပ်နေတယ် ထင်လဲ။ စစ်သူကြီးတွေတောင် ဒီကို အခွင့်မရဘဲ လာရဲတာမဟုတ်ဘူး။"

"လွှတ်စမ်းပါ သူငယ်တွေရဲ့။ ငါက ဘုရင်ကြီးနဲ့တွေ့ဖို့လာတာ။ သူ့သမီးတော်ကို ငါ့သားနဲ့ လက်ဆက်ပေးဖို့ လာတာဟဲ့။ မင်းတို့ ငါ့ကို တားဖို့ကြိုးစားမနေနဲ့။"

အဲဒီလို ဆူဆူညံညံ အသံကြားရတဲ့အတွက် ဘုရင်ကြီးက အမယ်အိုကြီးကို သူနဲ့လာတွေ့ဖို့ ခိုင်းလိုက်တယ်။

အမယ်အိုကြီးက ဘုရင်ကြီးကို ဦညွှတ်အရိုအသေပြုလိုက်တယ်။

"သင်ဘာပြောလိုက်တာလဲ အမယ်ကြီး"လို့ ဘုရင်က မေးတယ်။

"အရှင်မင်းမြတ်ရဲ့ သမီးတော်လေးကို ကျွန်တော်မျိုးမရဲ့ သားလေးနဲ့ လက်ဆက်ပေးချင်လို့ပါ။ သားလေး မာတင်ဟာ အင်မတန် ဥာဏ်ကောင်းပြီး လိမ်မာရေးခြားရှိပါတယ်။ အရှင်မင်းကြီးရဲ့ သမီးတော်လေးဟာလည်း အင်မတန်လှပ ပါတယ်။ သူတို့နှစ်ဦးဟာ အင်မတန်လိုက်ဖက်တဲ့ဇနီးမောင်နှံ ဖြစ်ကြမှာပါ" လို့ အမယ်ကြီးက ပြောလိုက်တယ်။

"သင်ရူးနေလား အမယ်ကြီး"လို့ ဘုရင်ကြီးက ကုန်းအော်လိုက်တယ်။

"မရူးပါဘူး အရှင်မင်းမြတ်။ ကျွန်တော်မျိုးမကို အဖြေစကားပြန်ကြားပေးပါ" လို့ အမယ်ကြီးက ဆိုတယ်။


ဒါကြောင့် ဘုရင်ကြီးဟာ သူ့ရဲ့ အမတ်တွေ ၀န်ကြီးတွေကို ဆင့်ခေါ်လိုက်ပြီး အမယ်ကြီးရဲ့ တောင်းဆိုချက်ကို ဘယ်လိုအကြောင်းပြန်ရမလဲလို့ တိုင်ပင်ကြစေတယ်။ နောက်ဆုံး အခုလို ဆုံးဖြတ်ချက်ချလိုက်တယ်။ မာတင်ဟာ နန်းတော်အဆောင်တွေအားလုံးကို တစ်ရက်အတွင်း ပြီးအောင်ဆောက်ရမယ်။ ပြီးရင် အဲဒီအဆောင်တွေနဲ့ ဘုရင်ကြီးရဲ့ နန်းတော်ကို ဖန်တံတားတစ်ခုနဲ့ ဆက်သွယ်ရမယ်။ အဲဒီတံတားရဲ့ ဘေးတစ်ဘက်တစ်ချက်စီမှာ ရွှေနဲ့ငွေသစ်သီးပင်တွေ စိုက်ရမယ်။ နောက်ပြီး ဘုံငါးဆင့်ပါတဲ့ ဘုရားရှိခိုးကျောင်းတစ်ခု ဆောက်ရမယ်။ တကယ်လို့ အမယ်အိုကြီးရဲ့ သားက အဲဒါတွေလုပ်နိုင်ရင် သူဟာ တကယ်ကို တော်တဲ့သူငယ်ဖြစ်ပြီး မင်းသမီးလေးနဲ့ လက်ဆက်ဖို့ သင့်တယ်။ တကယ်လို့ မလုပ်နိုင်ရင်တော့ နှစ်ဦးစလုံး ခေါင်းဖြတ်ပြီး အသတ်ခံရမယ်လို့ အကြောင်းပြန်လိုက်တယ်။

ည သန်းခေါင်ရောက်တဲ့အခါမှာ မာတင်ဟာ အိပ်ရာထဲက ထလာပြီး ခြံထဲကိုဆင်းသွားတယ်။ ပြီးတော့ လက်စွပ်ကိုဝတ်လိုက်တယ်ဆိုရင်ပဲ လူငယ် ၁၂ ယောက်ဟာ တမုဟုတ်ချင်းပေါ်လာတယ်။ သူတို့က "ဘာအလိုရှိပါသလဲ သခင်မာတင်"လို့ မေးကြတယ်။

"ဟောဒီနေရာမှာ နန်းတော်ကြီးတစ်ခု ဆောက်လုပ်ပေးပါ။ ကျွန်ုပ်ရဲ့ နန်းတော်ကို ဘုရင်ကြီးရဲ့ နန်းတော်နဲ့ ဆက်သွယ်ထားတဲ့ ဖန်စင်္ကြံ ထိုးပေးပါ။ အဲဒီစင်္ကြံရဲ့ တစ်ဖက်တစ်ချက်စီမှာ ရွှေငွေ သစ်သီးပင်တွေ စိုက်ထူနေပါစေ။ အဲဒီသစ်ပင်တွေရဲ့ အကိုင်းတွေပေါ်မှာ ငှက်ကလေးတွေ တေးဆိုကြပါစေ။ ဘုံငါးဆင့်ရှိတဲ့ မင်္ဂလာအခမ်းအနားပြုဖို့ ဘုရားရှိခိုးကျောင်း တစ်ကျောင်းလည်း ဆောက်လုပ်ပေးပါ။" လို့ မာတင်က စေခိုင်းလိုက်သတဲ့။ "နံနက်မိုးသောက် အလင်းမရောက်ခင် အပြီးသတ်ပေါက်မြောက်စေရပါမယ်" လို့ လူငယ်၁၂ ဦးက ပြန်ပြောလိုက်တယ်။

ဒါကြောင့် သူတို့ဟာ လက်သမားတွေအားလုံးနဲ့ အလုပ်သမားတွေ အားလုံးကို ခေါ်ပြီး ညတွင်းချင်းအလုပ်တွေ လုပ်လိုက်ကြတာ မနက်လင်းတော့ ပြီးပါလေရော။ မာတင်လည်း အိပ်ရာကနိုးရော နန်းတော်ရော ဘုရားရှိခိုးကျောင်းရော၊ ဖန်စင်္ကြံရော၊ ရွှေငွေ သစ်ပင်တွေရော အားလုံးအဆင်သင့်ပဲ ဖြစ်နေသတဲ့။ ဘုရင်ကြီးက သူ့ရဲ့ လေသာဆောင်ကနေ မှန်ပြောင်းနဲ့ လှမ်းမျှော်ကြည့်ရှုတော် မူလိုက်တဲ့အခါကျတော့ သူခိုင်းထားသလို တသွေမတိမ်း ဆောင်ရွက်ထားတာကို တွေ့ရတယ်။ ဒါကြောင့် သူ့ရဲ့ လှပတဲ့ မင်းသမီးလေးကို လက်ထပ်ဖို့ အသင့်ပြင်ထားဖို့ အမိန့်တော်ချမှတ်လိုက်တယ်။

"ကိုင်းကြည့်စမ်းပါ့။ ငါကိုယ်တော်မြတ်ရဲ့ သမီးတော်ကလေးကို တောင်သူမိလက္ခုမျိုးရိုးက သားတစ်ပါးနဲ့ ပေးစားမယ်လို့ လားလားမှ မကြံစည်မစဉ်းစား မိခဲ့ဘူး။ ခုတော့လည်း အင်း နဖူးစာ.. နဖူးစာ။"

မင်းသမီးကလေးက ၀တ်ကောင်းစားလှတွေ ၀တ်နေတဲ့အချိန်မှာ မာတင်ဟာ ခြံဝင်းထဲကို ဆင်းသွားပြီး သူ့ရဲ့ မှော်လက်စွပ်ကို တခြားလက်မှာ ပြောင်းဝတ်လိုက်တယ်။ "လူငယ် ဆယ့်နှစ်ဦး ပေါ်လာပြီး ဘာကိုအလိုရှိပါသလဲ သခင်"လို့ မေးကြတယ်။ ကျွန်ုပ်ကို လူကြီးလူကောင်းတွေ ၀တ်တဲ့ ၀တ်ရုံရှည်တစ်ထည် ၀တ်ပေးပြီး မြင်းခြောက်ကောင်ကတဲ့ ရွှေမြင်းလှည်းတစ်စီး လုပ်ပေးပါ။

"ကောင်းပါပြီသခင်။"

မျက်စိတ်တမှိတ်အတွင်း မာတင်ဟာ ၀တ်ရုံရှည်ကြီး ဆင်မြန်းပြီးသား ဖြစ်သွားတယ်။ ၀တ်ရုံရှည်ကြီးဟာ သူနဲ့လိုက်ဖက်ပြီး တိုင်းပြီးချုပ်ထားသလိုပဲ ကိုယ်မှာသပ်သပ်ရပ်ရပ် ဖြစ်နေတယ်။ နောက်ပြီး ဘေးဘယ်ညာကို ကြည့်လိုက်တဲ့အခါမှာ အလွန်ကြွရွတဲ့ မြင်းကြီးခြောက်ကောင်က ထားတဲ့ ရွှေရထားကြီးတစ်စင်းကို တွေ့လိုက်ရတယ်။

သူက မြင်းရထားပေါ်တက်လိုက်ပြီး ဘုရားရှိခိုးကျောင်းဆီ မောင်သွားလိုက်တယ်။ လူတွေရှေ့မှာ ပိတ်နေရင် ခေါင်းလောင်းတွေက အလိုအလျောက် တီးပေးတဲ့အတွက် လူတွေက လမ်းဖယ်ပေးလေ့ရှိကြတယ်။

လူအုပ်ကြီးရဲ့ နောက်မှာ သူတို့သမီး ကလေးနဲ့ သူ့ရဲ့ ရံရွေတော်တွေ၊ မောင်းမ မိဿံတွေ ၊ နောက်ပြီး ဘုရင်မင်းမြတ်ကြီးနဲ့ သူ့ရဲ့ မှူးကြီးမတ်ရာတွေကို တွေ့ရတယ်။ မာတင်ဟာ မင်းသမီးကလေးရဲ့ လက်ကို တယုတယကိုင်ပြီး ထုံးတန်းစဉ်လာအတိုင်း ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ပွဲကို ကျင်းပကြတယ်။ ဘုရင်မင်းမြတ်က သူ့သမီးတော်လေးကို လက်ဝတ်ရတနာတွေ လက်ဖွဲ့ပြီး သားမက်အတွက် နန်းတော်ငယ်တစ်ခု လက်ဖွဲ့တယ်။ နောက်ပြီး ကမ္ဘာတလွှားက လက်ထပ်ပွဲကို တက်လာတဲ့လူတွေအတွက် စားပွဲသောက်ပွဲကြီး တည်ခင်းပြီး ဧည့်ခံသတဲ့။

Tuesday, 10 August 2010

မှော်လက်စွပ် -အပိုင်း (၂)



မှော်လက်စွပ် -အပိုင်း (၁)


မာတင်က အလုပ်ကမ်းလှမ်းတဲ့ လူကြီးရဲ့ စကားကို သဘောကျပြီး သုံးနှစ်သုံးမိုးလုံး အဲဒီလူကြီးဆီမှာ အလုပ်လုပ်ပေးသတဲ့။ သုံးနှစ်အချိန်စေ့သွားတော့ သူ့အလုပ်ရှင်က "ကဲ မာတင်ရေ မင်းအတွက် ဆုလာဒ် လာထုတ်လှည့်" လို့ပြောပြီး သူ့ကို ဂိုထောင်တစ်ခုထဲ ခေါ်သွားတယ်။ ပြီးတော့ အဲဒီဂိုထောင် ထောင့်မှာ ထောင်ထားတဲ့ အိတ်နှစ်လုံးကို ပြပြီး ကြိုက်တဲ့တစ်လုံးကို ယူသွားလို့ ပြောသတဲ့။ အိတ်နှစ်လုံးအနက် အိတ်တစ်လုံးထဲမှာ ငွေဒင်္ဂါးပြားတွေထည့်ထားပြီး အခြားတစ်လုံးမှာတော့ သဲတွေထည့်ထားတယ်။ အဲဒါကြောင့် မာတင်က စဉ်းစားတယ်။

"အင်း မျက်မြင်အရတော့ ဟောဒီငွေအိတ်က ပိုတန်ဖိုးကြီးတယ်။ ဒါပေမယ့် ငါ သဲအိတ်ကိုပဲ ယူပြီး ဘာတွေဆက်ဖြစ်သလဲ ကြည့်ဦးမှပဲ"လို့ စဉ်းစားပြီး "ကျွန်တော် သဲလေးတွေ ဖြည့်ထားတဲ့ အိတ်ကို ယူပါရစေခင်ဗျာ"လို့ ပြောသတဲ့။

"ကြိုက်တာကိုသာ ပေါ့ကွာ။ ငွေကြိုက်ရင် ငွေအိတ်၊ သဲအိတ်ကိုကြိုက်ရင် သဲအိတ်ကိုသာ ယူပါတော့။"

မာတင်ဟာ သဲအိတ်ကလေးကို ထမ်းပြီး နောက်ထပ် အလုပ်တစ်ခုကို ရှာဖို့ ထွက်သွားပြန်သတဲ့။ နောက်ဆုံးသွားရင်း သွားရင်းနဲ့ သူဟာ အလွန်နက်ရှိုင်းတဲ့ တောအုပ်ကြီးထဲ ရောက်သွားသတဲ့။ တောအုပ်ရဲ့ အလယ်တည့်တည့်မှာ မြေကွက်လပ်လေးတစ်ခု ရှိနေပြီး အဲဒီမှာ မီးပုံကြီးတစ်ခုကို တွေ့ရသတဲ့။ မီးပုံကြီးထဲမှာ ပြောမပြနိုင်လောက်အောင် လူမတူ နတ်မမျှ အလွန်လှပတဲ့ မိန်းမပျိုလေးတစ်ယောက် ထိုင်နေတယ်တဲ့။ အဲဒီမိန်းမပျိုလေးက မာတင်ကို ခေါ်လိုက်တယ်။

"မုဆိုးမကြီးရဲ့ တစ်ဦးတည်းသောသား မာတင်ရေ။ သင် ကံကောင်းချင်ရင် ကျွန်မကို ကယ်ပါ။ မီးတောက်တွေကို ရှင်သုံးနှစ်သုံးမိုး အလုပ်လုပ်ပြီးမှ ရလာတဲ့ သဲနဲ့ပက်ပြီး ငြိမ်းသတ်ပေးပါ။"

"အင်းလေ..တစ်ယောက်ယောက် ကို ကူညီရတာ မြတ်ပါတယ်လေ၊ သဲဟာ ဒီလောက် အဖိုးမတန်ပါဘူး"လို့ မာတင်က တွေးတယ်။ ဒါကြောင့် သူက သဲအိတ်ကို ကြိုးဖြည်ပြီး မီးတောက်တွေပေါ် သဲတွေ လောင်းချလိုက်တယ်။ မီးတွေက ချက်ချင်းကို ငြိမ်းသွားတယ်တဲ့။ လှပတဲ့ မိန်းမပျိုဟာ ခြေထောက်နဲ့ မြေကြီးထိတယ်ဆိုရင်ပဲ မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မာတင်ကို ခြေထောက်ကနေ လည်ပင်းထိရောက်ောအင် ရစ်ပတ်လိုက်တယ်။ မာတင်က ကြောက်ရွံ့တုန်လှုပ်သွားတဲ့အတွက် မကြောက်ပါနဲ့လို့ မြွေက ပြောတယ်။

"ကိုးသုံးလုံး နိုင်ငံတော်က တစ်ဆယ်သုံးလုံး မင်းနေပြည်တော်ကို ရောက်အောင် သွားပါ။ ကျွန်မရဲ့ အဖေဟာ ဘုရင်မင်းမြတ်ဖြစ်ပါတယ်။ ရှင် အဲဒီကိုရောက်ရင် သူက ရွှေငွေတွေနဲ့ ကျောက်သံပတ္တမြားတွေ ကမ်းလှမ်းပါလိမ့်မယ်။ အဲဒါတွေ တစ်ခုမှ မယူပါနဲ့။ သူ့လက်သန်းမှာ စွပ်ထားတဲ့ လက်စွပ်ကလေးတစ်ကွင်းကိုပဲ တောင်းပါ။ အဲဒါဟာ သာမန်လက်စွပ်မဟုတ်ပါဘူး။ အဲဒီလက်စွပ်ကို စွပ်လိုက်တာနဲ့ လူ၁၂ ယောက်ပေါ်လာပြီး ရှင်ခိုင်းသမျှကို လုပ်ပေးပါလိမ့်မယ်။"

မာတင်ဟာ သွားရင်းသွားရင်း တစ်ဆယ်သုံးလုံး နေပြည်တော်ကိုရောက်တဲ့အခါမှာ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီး တစ်တုံးကိုတွေ့လိုက်သတဲ့။ အဲဒီမှာတင် မြွေဟာ သူ့ရဲ့ လည်ပင်းပေါ်က ခုန်ဆင်းပြီး မြေကြီးကို ထိတယ်ဆိုရင်ပဲ လှပတဲ့ မိန်းမပျိုကလေး ပြန်ဖြစ်သွားသတဲ့။ လိုက်ခဲ့လို့ ခေါ်ပြီး မိန်းမပျိုကလေးဟာ မာတင်ကို ကျောက်တုံးအောက်က လမ်းကလေးအတိုင်း ၀င်သွားတယ်။ အတော်ကြာကြာ လျှောက်ပြီးတဲ့အခါ အလင်းရောင်တစ်ခု ထွက်ပေါ်နေတဲ့နားကို ရောက်သွားသတဲ့။ နောက်ဆုံး သူတို့ဟာ ကျယ်ပြန်တဲ့ ကောင်ကင်ကြီးအောက်က မြေပြင်ကို တွေ့လိုက်ရတယ်။ အဲဒီပေါ်မှာ အလွန်ထူးခြားဆန်းကျယ်တဲ့ ရဲတိုက်ကြီးတစ်လုံးလည်းရှိတယ်။ အင်း ဟုတ်တယ်။ အဲဒါဟာ မိန်းမပျိုလေးရဲ့ ဖခင် အုပ်ချုပ်မင်းလုပ်နေတဲ့ တစ်ဆယ်သုံးလုံးလို့ အမည်တွင်တဲ့ မြေအောက် မင်းနေပြည်တော် ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ကျော်တုံးဖြူ နန်းတော်ထဲကို ၀င်သွားတဲ့အခါမှာ ဘုရင်ကြီးက နွေးထွေးစွာ ကြိုဆိုပါသတဲ့။

"လာပါဦး သမီးတော်လေး..။ ဒီလောက်နှစ်အကြာကြီး သမီးတော်လေး ဘယ်တွေလျှောက်သွားနေတာလဲကွယ်" လို့ တစ်ဆယ်သုံးလုံး ဘုရင်ကြီးက မေးတယ်။

"ဖခမည်းတော်ဘုရား။ သမီးတော်လေးရဲ့ အသက်ကို ဟောဒီ လုလင်ပျိုလေးက ကယ်တင်ခဲ့တာပါ။ သူကပဲ ဟောဒီတိုင်းပြည်ကို ပြန်ရောက်အောင် ဆောင်ကြဉ်းပေးခဲ့တာပါ" ဘုရား လို့ တစ်ဆယ်သုံးလုံး မင်းသမီးလေးက ရိုသေစွာ လျှောက်တင်တယ်။

"ကျေးဇူးအထူးတင်ရှိပါတယ် အမောင်လုလင်၊ အသင်အလိုရှိသလောက် ရွှေငွေ ကျောက်သံပတ္တမြားတွေ ယူသွားပါ" လို့ ဘုရင်ကြီးက အမိန့်တော်ချမှတ်လိုက်တယ်။

ဒါပေမယ့် မာတင်က ပြန်ဖြေတယ်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးဟာ ရွှေငွေ ကျောက်သံပတ္တမြားတွေကို အလိုမရှိပါဘူး။ အရှင်မင်းကြီးရဲ့ လက်သန်းတော်က လက်စွပ်ကလေးကိုပဲ ပေးသနားတော်မူပါ။ ကျွန်တော်မျိုးဟာ တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်ပါတယ်။ အရှင်မင်းကြီး ပေးသနားတဲ့ လက်စွပ်ကလေးကို ယူပြီး လက်ထပ်ရမယ့် ဇနီးကလေးရအောင် ကြံစည်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ "

"ကောင်းပြီ ကောင်းပြီ။ ယူသွားပေတော့ မောင်မင်း။ ဒါပေမယ့် ဒီလက်စွပ်ရှိတာကို ဘယ်သူ့မှ ပြောမပြလေနဲ့။ လျှို့ဝှက်ချက်ကို ပြောပြတယ်ဆိုတာ အန္တရာယ် အင်မတန်ရှိတဲ့ ကိစ္စကွယ့်။"

မာတင်ဟာ ဘုရင်ကြီးကို ကျေးဇူးစကားဆိုပြီး အပြန်လမ်းအတိုင်းလှည့်လာတယ်။


အပိုင်း (၃) ဆက်ရန်

ဘာသာပြန်အလှတရား

Monday, 9 August 2010

မှော်လက်စွပ်-အပိုင်း(၁)

တစ်ခုသော တိုင်းပြည်၊ တစ်ခုသော ဒေသမှာ တစ်ခါက အဘိုးအို အဘွားအို လင်မယားနဲ့ သူတို့ရဲ့ တစ်ဦးတည်းသော သားကလေးဖြစ်တဲ့ မာတင် တို့ နေထိုင်ကြတယ်။ အဘိုးအိုဟာ အမဲလိုက်မုဆိုးကြီး တစ်ဦးဖြစ်သတဲ့။ တိရစ္ဆာန်ကလေးတွေ ငှက်ကလေးတွေကို ဖမ်းပြီး သူ့မိသားစုကို ကျွေးခဲ့ရတာပေါ့။ အသက်အရွယ် အိုမင်းလာတဲ့ တစ်နေ့မှာတော့ အဘိုးအိုဟာ နေမကောင်းဖြစ်တယ်တဲ့။ နေမကောင်းဖြစ်ပြီး သိပ်မကြာခင် သားဖြစ်သူ မာတင်နဲ့ သူ့ဇနီးဖြစ်သူကို လောကကြီးထဲ ထီးထီးကြီးထားခဲ့ပြီး မရဏသေမင်းခေါ်ရာနောက် လိုက်သွားရတော့တယ်။

ကျန်ရစ်သူ မိသားစုဟာ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးကြတာပေါ့။ ဒါပေမယ့် ဘာမှမတတ်နိုင်တော့ဘူးလေ။ မျက်ရည်တွေဟာ သေခြင်းတရားဆီ ရောက်သွားပြီဖြစ်တဲ့ ကိုယ်ချစ်တဲ့သူတွေကို ပြန်ဆွဲခေါ်နိုင်စွမ်းမှ မရှိဘဲကိုး။ အဲဒီလိုနဲ့ ရက်သတ္တတစ်ပါတ် လောက် ကြာမြင့်တဲ့အခါမှာ မာတင်တို့သားအမိရဲ့ ကုန်လှောင်ရုံထဲထည့်ထားတဲ့ အစားအစာတွေအားလုံး ကုန်သွားတယ်တဲ့။ စားစရာမရှိတော့ဘူး ဆိုတာကို သိရတော့ အမယ်အိုကြီးဟာ စားစရာဝယ်ဖို့ ပိုက်ဆံလိုတယ်ဆိုတာ သဘောပေါက်လာတယ်တဲ့။ သူ့ခင်ပွန်းဖြစ်သူ အဘိုးအိုက မသေမီမှာ ဇနီးနဲ့ သားကလေးအတွက် ရူဘယ် ငွေနှစ်ရာချန်ထားခဲ့တယ်။ အမယ်အိုက အဲဒီပိုက်ဆံသေတ္တာလေးကို တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ဖွင့်လိုက်တယ်။ ပိုက်ဆံကို မသုံးချင်ရှာဘူးတဲ့။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့အစားအသောက် စားဖို့လိုအပ်တယ်လေ။ ဒါကြောင့် သူက ပိုက်ဆံတစ်ရာကို ရေတွက်ပြီး သူ့သားကိုပေးလိုက်တယ်။

"ရော့ကွယ်၊ လူကလေး မာတင်၊ ဒီငွေတစ်ရာကို ယူသွား။ အိမ်နီးချင်းတွေဆီက မြင်းတစ်ကောင်ကို ငှားစီးသွားပြီး မြို့မှာ ဈေးဝယ်ချည်ကွယ်။ ဒါမှ တို့ ဒီတစ်ဆောင်းကုန်အောင် ကြိတ်မှိတ်သည်းခံစားသောက်ပြီး နွေဦးလောက်ရောက်တဲ့အထိ ခံနိုင်ရည်ရှိမှာ။ နွေဦးရောက်ရင်တော့ အလုပ်အကိုင်လေး ဘာလေး ရကောင်းပါရဲ့။"

မာတင်ဟာ သူ့အိမ်နီးချင်းတွေဆီက မြင်းနဲ့လှည်းကို ငှားပြီး မြို့တက်သွားတယ်တဲ့။ ဈေးထဲမှာ သားသတ်တန်းကို ဖြတ်သွားတဲ့အခါ ဆူညံဆူညံဖြစ်နေတဲ့ လူအုပ်စုကြီးတစ်ခုကို မြင်လိုက်သတဲ့။ ဘာများဖြစ်နေသလဲဆိုပြီး သွားကြည့်တဲ့အခါမှာ သားသတ်သမားတွေဟာ အမဲလိုက်ခွေးတစ်ကောင်ကို ဖမ်း၊ တိုင်မှာချည်ထားပြီးတော့ အဲဒီခွေးကလေးကို တုတ်တွေနဲ့ ၀ိုင်းရိုက်နေကြတယ်။ ခွေးကလေးက နာကျင်လွန်းရှာလို့ အမြီးကိုကုပ်ရင်း တကိန်ကိန်အော်ပြီး ပတ်ပြေးနေတာပေါ့။ မာတင်က သားသတ်သမားတွေနားကို သွားလိုက်ပြီး

"ဒီသနားစရာ ခွေးလေးကို မသနားဘဲ ဘာလို့ရိုက်နေရတာလဲ"

လို့ မေးလိုက်တယ်။

သားသတ်သမားတွေက "ဒီခွေးအကြောင်းတော့ မပြောပါနဲ့ကွာ။ ဒင်းဒါနဲ့ပဲထိုက်တယ်။ အသားတုံးကြီးတစ်တုံးလုံးကို ခိုးသွားတာလေ" လို့ဖြေကြတယ်။

"ရပ်လိုက်ပါ အစ်ကိုတို့ရယ်၊ မရိုက်ပါနဲ့တော့။ ကျွန်တော့်ကို ဒီခွေးလေး ရောင်းပါ" လို့ မာတင်က အော်ပြောလိုက်တယ်။

"မင်းကျေနပ်ရင်ဝယ်ပေါ့။ တို့ကတော့ ရူဘယ်ငွေ တစ်ရာရရင် ရောင်းမယ်။" လို့ သားသတ်သမားတစ်ဦးက ပြောတယ်။

မာတင်က ရူဘယ်တစ်ရာကို ထုတ်ပေးပြီး ခွေးလေးကို ကြိုးဖြည်ပေးပြီး သူနဲ့အတူခေါ်သွားတယ်။ ခွေးလေးဟာ အမြီးလေးတနံ့နံ့နဲ့ သူ့သခင်အသစ်ရဲ့ လက်ကို လျှာလေးနဲ့ရိုက်ပေးရင်း လိုက်သွားသတဲ့။ မာတင်က သူ့အသက်ကို ကယ်ခဲ့တယ်ဆိုတာကို နားလည်တာကိုး။

မာတင်အိမ်ပြန်ရောက်တဲ့အခါကျတော့ သူ့အမေက "သားလေး ဘာဝယ်လာသလဲ ဟေ့"လို့ မေးတာပေါ့။ "ကံကောင်းခြင်းရဲ့ အစလေးတစ်ခု ၀ယ်ခဲ့ပါတယ်အမေ"လို့ မာတင်က ပြန်ပြောလိုက်တယ်။

"မဟုတ်တာတွေ ပြောမနေစမ်းနဲ့ ကောင်ကလေး။ ဘာက ကံကောင်းတာလဲ။"

" ခွေးကလေးမိုးမှောင်ကို ပြောတာပါ အမေရယ်" လို့ ခွေးကလေးကို လက်ညှိုးထိုးပြရင်း မာတင်ကပြန်ပြောလိုက်တယ်။

"ဒါပဲလား"

"ပိုက်ဆံမလောက်လို့ စားစရာမ၀ယ်ခဲ့နိုင်တာပါ အမေရယ်၊ ပိုက်ဆံတစ်ရာက ခွေးလေးကိုဝယ်လိုက်တာနဲ့ ကုန်သွားလို့ပါ"

အဲလိုကြားလိုက်တော့ အဘွားအိုက သူ့သားကိုဆူတာပေါ့။

"တို့မှာ စားစရာဘာမှမရှိတော့ဘူးဟဲ့။ ငါ့မှာ ဂျုံမှုန့်လေးတွေ ခြစ်ခြုပ်ရှာဖွေပြီး ပေါင်မုန့်လေးတစ်ခု ဖုတ်ထားရတယ်။ မနက်ဖြန်ဆိုရင် ဘာမှစားဖို့ရှိမှာ မဟုတ်တော့ဘူး။"

နောက်နေ့ကျတော့ သူ့အမေက နောက်ထပ် ရူဘယ်တစ်ရာကို ထုတ်ပြီး သူ့သားကိုပေးတယ်။

"မြို့ကိုသွားပြီး စားသောက်စရာလေး သွားဝယ်နော် သားလေး။ ဒီတစ်ခါတော့ ပိုက်ဆံကို အလကား မသုံးပစ်နဲ့နော်"

မြို့ရောက်သွားတော့ ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ လုပ်နေတုန်း မာတင်ဟာ ကောင်လေးတစ်ကောင်ကို တွေ့တယ်။ ကောင်လေးက ကြောင်လေးတစ်ကောင်ကို ကြိုးနဲ့ချည်ပြီး မြစ်ကမ်းဘက်ကို ခေါ်သွားတာကို တွေ့တယ်တဲ့။

"ရပ်ပါဦး"လို့ မာတင်က အဲဒီ ကောင်လေးကို ပြောလိုက်တယ်။ "ကြောင်ကို ဘယ်ခေါ်သွားမလို့လဲဗျ။"

"ရေနှစ်သတ်ပစ်မလို့ကွ။ ဒီကောင်က ငါတို့စားပွဲပေါ်က မုန့်တစ်ချပ်လုံးကို ခိုးသွားတာ။"

" ရေမနှစ်ပါနဲ့ ဗျာ။ ကျွန်တော့်ကို ရောင်းပါ။"

"ကျေနပ်ရင် ၀ယ်လေ။ ရူဘယ်တစ်ရာကျမယ်။"

မာတင်က နှစ်ကြိမ်တောင် မစဉ်းစားဘူး။ ပိုက်ဆံကိုဆွဲထုတ်ပြီး အဲ့ကောင်လေးကို ပေးလိုက်တယ်။ ပြီးတော့ ကြောင်ကို အိတ်ထဲကောက်ထည့်ပြီး အိမ်ပြန်လာတာပေါ့။

"ဘာဝယ်ခဲ့သလဲ လူကလေး" လို့ သူ့အမေကမေးသတဲ့။
"ကြောင်နက်ကျား ကလေးပါ အမေ"

"ဒါပဲလား"

"ပိုက်ဆံရှိသေးရင်တော့ စားစရာတွေ ၀ယ်လာမိမှာပေါ့ အမေ။ ပိုက်ဆံကုန်သွားလို့ပါ။"

"ဟယ်... နင်တော်တော်ဆိုးနေပါလား။" လို့ အမယ်အိုက အော်လိုက်တယ်။ "ခုချက်ချင်း အိမ်ကထွက်ပြီး တစ်ယောက်ယောက်ဆီမှာ စားစရာသွားတောင်းချေ" လို့ ပြောလိုက်တယ်။

မာတင်ဟာ အိမ်ကထွက်သွားပြီး တခြားရွာတစ်ရွာမှာ အလုပ်လုပ်ဖို့ လိုက်ရှာသတဲ့။ သူ့ရဲ့ ခွေးကလေး မိုးမှောင်နဲ့ ကြောင်ကလေး နက်ကျားတို့ကိုပါ ခေါ်သွားတာပေါ့။ လမ်းမှာ သူက လူကြီးတစ်ယောက်ကို တွေ့တယ်။
အဲဒီလူကြီးက"ဘယ်သွားမလို့လဲ သား" လို့ မေးသတဲ့။

"အလုပ်သွားရှာမလို့ပါ ခင်ဗျ"

"ဒါဖြင့် ဦးဆီမှာ အလုပ်လာလုပ်ပါလား။ ဦးက လခကို တရားသေမသတ်မှတ်ထားဘူး။ ဦးဆီမှာ သုံးနှစ်အလုပ်ကောင်းကောင်း လုပ်ပေးတဲ့သူမှန်သမျှကို ပစ္စည်းနှစ်မျိုးထဲက တစ်မျိုးကိုရွေးခိုင်းပြီးမှ သူရွေးတဲ့အတိုင်း ပေးလေ့ရှိတယ်"


အပိုင်း(၂) ဆက်ရန်-

ဘာသာပြန်-အလှတရား

Wednesday, 28 July 2010

ပန်းနီနီ

တစ်ခါတုန်းက ဟိုးအလွန်ဝေးလံခေါင်ဖျားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကုန်သည်ကြီးတစ်ဦးနဲ့ သမီးသုံးဦး နေထိုင်ကြသတဲ့။ တစ်နေ့မှာ ကုန်သည်ကြီးဟာ ခရီးရှက်ရှည်ထွက်ဖို့ ထုပ်ပိုး ပြင်ဆင်နေရင်း အဲဒီခရီးကပြန်လာရင် ဘာလက်ဆောင်ဝယ်ခဲ့ရမယ် ဆိုတဲ့အကြောင်း ချစ်စဖွယ်ကောင်းတဲ့ သမီးတော်လေးတွေကို မေးမြန်းပါသတဲ့။ အဲဒီလိုမေးမြန်းလိုက်တော့ သမီးအကြီးဖြစ်တဲ့သူက ရွှေသရဖူ တစ်လုံးဝယ်ခဲ့ဖို့ မှာပြီး သမီးအလတ်ကတော့ ကြေးမုံတစ်ချပ်ဝယ်ပေးဖို့ ပူဆာတယ်တဲ့။ သမီးတော် အငယ်ဆုံး အထွေးဆုံးလေးကတော့ အနီရောင်ရဲရဲ စကားလက်ပန်းကလေး တစ်ပွင့်ပဲ ၀ယ်ခဲ့ပေးဖို့ ပြောရှာတယ်။

အဲဒီလိုနဲ့ ကုန်သည်ကြီး ခရီးထွက်သွားပါလေရော ဆိုပါတော့။ လမ်းခရီးမှာ သမီးတော်လေးတွေမှာလိုက်တဲ့ လက်ဆောင် ပစ္စည်းတွေကို မမေ့မလျော့ လိုက်ရှာတဲ့အခါ ရွှေသရဖူတစ်လုံးနဲ့ ကြေးမုံကောင်းကောင်း တစ်ခုစီကိုတော့ လွယ်လွယ်ကူကူပဲ ရှာတွေ့ပါသတဲ့။ ဒါပေမယ့် တတိယလက်ဆောင်ဖြစ်တဲ့ စကားလက်ပန်းကလေးကိုတော့ ရှာမတွေ့ဘူး ဖြစ်နေတယ်။ ကုန်သည်ကြီးဟာ သမီးထွေးလေး မှာလိုက်တဲ့ စကားလက် ပန်းကလေးကို နေရာအနှံ့လိုက်ရှာရင်း နောက်ဆုံးတော့ သူဟာ မှော်တောအုပ်ကြီးတစ်ခုဆီ ရောက်သွားတယ်။ မှော်တောအုပ်ကြီးထဲ စမ်းတ၀ါးဝါး ၀င်သွားရင်း တောနက်တစ်နေရာမှာ နန်းတော်ကြီးတစ်လုံးကို တွေ့ရတယ်တဲ့။ နန်းတော်ကြီးရဲ့ ခြံဝင်းတစ်နေရာမှာ အလွန်လှပတဲ့ ပန်းကလေးတစ်ပွင့် ပွင့်နေတာကိုပါ သတိပြုမိလိုက်တယ်။ သိပ်လှလွန်းတဲ့ ပန်းပွင့်ကလေးတဲ့။ သိပ်လှလွန်းလို့ ပန်းပွင့်ကလေးကို အနားကပ်ပြီး သေသေချာချာ ကြည့်လိုက်မိတယ်။ အဲဒီလို အနီးကပ် ကြည့်လိုက်တဲ့ အခါကျတော့ ပန်းပွင့်ကလေးဟာ သူ့သမီးအငယ်ဆုံးလေး မှာလိုက်တဲ့ စကားလက်ပန်းကလေး ဖြစ်နေတာကို တွေ့ရတော့တာပေါ့။ ကုန်သည်ကြီးက အဲဒီပန်းကလေးကို ဂရုတစိုက်နဲ့ သေသေချာချာ ခူးလိုက်သတဲ့။ အဲဒီလိုခူးလိုက်တယ်ဆိုရင်ပဲ မွေးရှည်စုတ်ဖွားနဲ့ ရုပ်ဆိုးဆိုး ၀က်ဝံကြီးတစ်ကောင်ဟာ ကုန်သည်ကြီးဘေးနား ဘွားကနဲ ပေါ်လာပြီး ဒီစကားလက်ပန်းနီနီကို လိုချင်ရင် ကုန်သည်ကြီးဟာ သမီးတော် သုံးပါးထဲက တစ်ပါးကို သူနဲ့အတူနေထိုင်ဖို့ လွှတ်ပေးရမယ်လို့ ပြောဆိုပါသတဲ့။

ကုန်သည်ကြီးက ၀က်ဝံကြီးကို ကတိပေးထားခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါ ၀က်ဝံကြီးနဲ့ ဘယ်သူသွားနေမလဲလို့ သမီးတော်သုံးပါးကို မေးမြန်းရတော့တာပေါ့။ စကားလက်ပန်းကလေးကို ရတဲ့ သမီးထွေးလေးက ၀က်ဝံကြီးဆီ သွားနေဖို့ သဘောတူရှာသတဲ့။ မိန်းကလေးဟာ မှော်တောအုပ်ကြီးထဲ ၀င်သွားရင်း နန်းတော်ကြီးကို တွေ့သွားတယ်။ အဲဒီနန်းတော်ကြီးမှာ သမီးထွေးလေးဟာ ရက်ပေါင်းလပေါင်းများစွာ ပျော်ရွှင်စွာ နေထိုင်နေမိသတဲ့။ နန်းတော်ထဲမှာ ရှိနေတဲ့ ၀က်ဝံကြီးက သူရှိနေတာကို သမီးထွေးလေး မသိစေဘဲ အကြင်နာလွှမ်းတဲ့ လက်ဆောင်မွန်တွေကို သမီးထွေးလေးဆီ နေ့စဉ်နေ့တိုင်း ပေးဆက်နေတယ်။ သမီးထွေးလေးဟာ လက်ဆောင်မွန်တွေ ဆက်သနေတဲ့ မမြင်ဖူးတဲ့ မိတ်ဆွေလေးအပေါ် ချစ်ခင်စိတ်တွေ ၀င်လာတာပေါ့။ တွေ့ချင်မြင်ချင်စိတ်လည်း ပြင်းပြလာသတဲ့။ ဒါကြောင့် တစ်နေ့မှာ သမီးထွေးလေးဟာ လက်ဆောင်ပဏ္ဍာ ဆက်သသူ မိတ်ဆွေလေးကို သူ့ဆီလာတွေ့ဖို့ တောင်းပန်လိုက်သတဲ့။ အဲ.. တောင်းပန်ချက်အတိုင်း ၀က်ဝံကြီးက လာတွေ့တဲ့အခါမှာတော့ အလွန်နူးညံ့တဲ့ သမီးထွေးလေးဟာ အမွေးစုတ်ဖွား ရုပ်ဆိုးဆိုး ၀က်ဝံကြီးကို မြင်လိုက်ရတဲ့အတွက် အကြောက်လွန်ပြီး မေ့လဲ ကျသွားရှာတယ်တဲ့။

အဲဒီညမှာ သမီးထွေးလေးဟာ သူ့တစ်သက်မှာ မမေ့နိုင်တဲ့ အိပ်မက်ကို မြင်မက်သတဲ့။ သူ့ဖခင်ကြီး အသည်းအသန် နာမကျန်းဖြစ်နေတယ်လို့ မြင်မက်တာကိုး။ ဒါကြောင့် သမီးထွေးလေးက ၀က်ဝံကြီးကို တောင်းပန်ရှာတယ်။ သေခါနီးဖြစ်နေတဲ့ ဖခင်ကြီးကို ရှာဖွေခွင့်ပြုဖို့ သူ့ကိုလွှတ်ပေးပါလို့ တောင်းပန်တာပေါ့။ အဲဒီအခါမှာ ၀က်ဝံကြီးက သုံးရက်အတွင်း အရောက် ပြန်လာမယ်ဆိုရင် လွှတ်ပေးမယ်လို့ ကတိတောင်းပြီး သမီးထွေးလေးကို လွှတ်ပေးလိုက်တယ်။

သမီးထွေးလေးဟာ အိမ်ကိုပြန်ရောက်တော့ ဖခင်ကြီးကို ရှာဖွေပြီး အကျိုးအကြောင်းကို ပြောပြတာပေါ့။ အဲဒီနောက် ၀က်ဝံကြီးဆီ အချိန်မီ ပြန်ဖို့ပြင်ဆင်နေတယ်။ ဒါပေမယ့် သူ့အစ်မတော် နှစ်ပါးက နာရီတွေကို အချိန်နောက်ဆုတ်အောင် လှည့်ထားပြီး သမီးထွေးလေး ၀က်ဝံကြီးဆီ အပြန်နောက်ကျအောင် လုပ်လိုက်ကြတယ်တဲ့။ လုပ်ရက်ကြတာပေါ့နော်။ အဲဒီမှာတင် သမီးထွေးလေး နန်းတော်ကို ပြန်ရောက်တဲ့အခါမှာတော့ ထိတ်လန့်စရာ အဖြစ်ဆိုးကို တွေ့လိုက်ရတယ်။

ဝက်ဝံကြီးဟာ သမီးထွေးလေး ပိုင်ဆိုင်တဲ့ စကားလက်ပန်းနီနီကို ဆုပ်ကိုင်ပြီး လဲကျသေဆုံးနေတာကို တွေ့လိုက်ရတယ်။ သမီးထွေးလေးကို လွမ်းပြီး ရင်ကွဲနာကျ သေဆုံးသွားတာပေါ့။

မိန်းကလေးခမျာဟာလည်း အလွန်အမင်း နှလုံးကြေကွဲပြီးတော့ သေဆုံးနေတဲ့ ၀က်ဝံကြီးကိုတယုတယ ဖက်ငိုရင်း ၀က်ဝံကြီးကို သူမ ချစ်မြတ်နိုးပါတယ် ဆိုတဲ့အကြောင်း ကမ္ဘာလောကကြီးတစ်ခုလုံးကို သက်သေထားပြီး တိုင်တည်ပြောဆိုနေတယ်တဲ့။ အဲဒီလို တိုင်တည်ပြောဆို လိုက်တယ်ဆိုရင်ပဲ ၀က်ဝံကြီးကို စွဲကပ်သင့်ရောက်နေတဲ့ ကျိန်စာဟာ အလိုအလျောက် ပြေပျောက်သွားပြီး ၀က်ဝံကြီးဟာ ပြန်လည်နိုးထလာသတဲ့။

အဲဒီလိုနိုးထလာတဲ့အပြင် ရုပ်ဆိုးတဲ့ ၀က်ဝံကြီးအဖြစ်ကနေ ချောမောလှပတဲ့ မင်းသားလေးတစ်ပါး အဖြစ်ကို ပြောင်းလဲသွားသတဲ့။

အဲဒီလိုနဲ့ နှလုံးကြေကွဲရာက အသစ်တစ်ဖန် ရွှင်မြူးပေါက်ပွားလာတဲ့ ချစ်သူနှစ်ဦးဟာ ကျယ်ပြောရှုပ်ထွေးတဲ့ လောကကြီးတစ်ခုလုံးကို မေ့ထားပြီး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ နေထိုင်သွားကြတာပေါ့ကွယ်။

ဘာသာပြန်မူပိုင်-အလှတရား

Tuesday, 27 July 2010

မြေခွေးမလေးနဲ့ ကိုဝံပုလွေ

ရှေးသရောအခါက အိမ်ကြီးတစ်လုံးမှာ အဘိုးအိုနဲ့အဘွားအို လင်မယား နေထိုင်ကြသတဲ့။ တစ်နေ့တော့ အဘိုးအိုက အဘွားအိုကို ပြောသတဲ့။ "ရှင်မရေ ငါအပြင်ထွက်ပြီး ငါးမျှားချည်ဦးမယ်။ ရှင်မက ပေါင်မုန့်လေး ဖုတ်ထားပါကွယ်"



အဲဒီလိုပြောပြီး ငါးမျှားသွားလိုက်တာ ငါးတွေတော်တော်များများ မိပါလေရော။ အဲဒါနဲ့ အဲဒီငါးတွေကို နွားလှည်းပေါ်တင်ပြီး အိမ် ပြန်လာတာပေါ့။ အိမ်ကိုပြန်လာရင်း လမ်းမပေါ် တစ်နေရာရောက်တော့ လမ်းပေါ်မှာ မြေခွေးလေးတစ်ကောင် ခွေပြီး အိပ်နေတာကို တွေ့ရသတဲ့။ အဲဒါနဲ့ မောင်းလာတဲ့ မြင်းလှည်းကို ရပ်ပြီး အဘိုးအိုဟာ မြေခွေးမလေးဆီ လမ်းလျှောက် သွားသတဲ့။ အဲဒီလိုအဘိုးအို လာနေတာတောင် မြေခွေးမလေးက တုတ်တုတ်မှ မလှုပ်ဘဲ ဆက်ပြီးအိပ်နေပါတယ်တဲ့။


"ကဲ ငါ့မိန်းမအတွက် သားမွေးလက်ဆောင်ရပြီပေါ့ကွာ" လို့ အဘိုးအိုက ပြောပြီး မြေခွေးမလေးကို လှည်းပေါ် တင်လိုက်တယ်။ ပြီးတော့ အိမ်ကို ဆက်မောင်း သွားတာပေါ့ကွယ်။

မြေခွေးမလေးက အသာလေး ငြိမ်နေပြီး အဘိုးအိုမသိအောင် လှည်းပေါ်က ငါးတွေကို တစ်ကောင်ပြီးတစ်ကောင် အောက်ကို ပစ်ချသတဲ့။ တစ်ကောင်ပြီး တစ်ကောင်၊ တစ်ကောင်ပြီးတစ်ကောင်။ နောက်ဆုံး တစ်ကောင်မှ မကျန်အောင် ပစ်ချပြီးတော့မှ လှည်းပေါ်က ခုန်ဆင်းသွားသတဲ့။


အဘိုးအိုက အိမ်လည်းပြန်ရောက်ရော အဘွားအိုကို ပြောသတဲ့။ "ရှင်မရေ။ မင်းအတွက် ငါ သားမွေးအင်္ကျီ ယူလာသကွ။"လို့ ၀မ်းသာအားရ ပြောလိုက်တယ်။ မြေခွေး သားရေနဲ့ သားမွေးအကျီ င်္ချုပ်ဝတ်လို့ရတယ်လေ။ အဘိုးအိုက အဲဒါကို ပြောတာပေါ့။ အဘွားအိုက သားမွေးအကျီ င်္ဆိုတာနဲ့ပဲ "ဘယ်မှာလဲ တော်ရေ။ သားမွေးအကျီင်္ဆိုတာ ဘယ်မှာလဲရှင်"လို့ မေးလိုက်သတဲ့။ "လှည်းပေါ်မှာပေါ့ လကွာ။ လှည်းပေါ်မှာ ကြည့်လိုက်။ ငါးတွေရော သားမွေးအကျီ ရော ရှင်မအတွက် ယူလာတယ်။"

အဘွားအိုက လှည်းပေါ်မှာ ရှာတော့ ဘာမှမတွေ့တာနဲ့ အဘိုးအိုကို စိတ်ဆိုးသွားသတဲ့။ သူ့ကို ညာရပါ့မလားဆိုပြီးပေါ့။ အဲဒီကျတော့မှ အဘိုးအိုက သူဖမ်းလာတဲ့ မြေခွေးဟာ တကယ်တမ်း သေပုံမရဘူးလို့ တွေးမိသွားတယ်။ မြေခွေးက သက်သက်မယ့် မလှုပ်မယှက်နေပြီး သေချင်ယောင်ဆောင်နေတာကိုး။ အဘိုးအိုလည်း စိတ်ဆိုးပြီး အော်ဟစ်နေတာပေါ့။ ဒါပေမယ့် ဘာမှလုပ်လို့ မရတော့ဘူးလေ။ အချိန်က နှောင်းသွားပြီ။


အဲဒီအချိန်မှာ မြေခွေးမလေးကတော့ လမ်းပေါ်မှာ သူပစ်ချထားတဲ့ ငါးတွေကို တစ်ကောင်ချင်း လိုက်ကောက်နေတာပေါ့။ နောက်ပြီးတော့မှ ဆောင့်ကြောင့်ထိုင်ပြီး မြိန်ရေယှက်ရေ စားသောက်နေသတဲ့။ မြေခွေးမလေး စားသောက်နေတုန်း ၀ံပုလွေဖြူကြီးတစ်ကောင် ရောက်လာသတဲ့။





ဝံပုလွေကြီးက မြေခွေးမလေးကို "မင်္ဂလာပါ ညီမလေး"လို့ နှုတ်ဆက်လိုက်တယ်။ မြေခွေးမလေးကလည်း ယဉ်ကျေးသမှုနဲ့ မင်္ဂလာပါရှင်လို့ ပြန်နှုတ်ဆက်တာပေါ့။

"အစ်ကို့ကို ငါးလေးတစ်ကောင်လောက် ကျွေးပါလား"လို့ ၀ံပုလွေကြီးက ပြောသတဲ့။

"အို ဘာလို့ကျွေးရမှာလဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ကိုယ့်ဘာသာရှာစားပါလား"လို့ မြေခွေးမလေးက ခွန်းတုံ့ပြန်လိုက်တယ်။

"ငါမှ ငါးမမျှားတတ်တာကွယ်" လို့ ၀ံပုလွေကြီးက ပြန်ပြောတယ်။

"အို ဘာခက်တာလိုက်လို့။ ကျွန်မ ငါးမျှားနည်းပြောပြလိုက်မယ်။ မြစ်ကမ်းပါးကို သွားပြီး ရှင့်အမြီးကို ရေထဲချထားလိုက်။ ငါးတစ်ကောင်တစ်လေ လောက်က ရှင့်အမြီးမှာ လာတွယ်မှာပေါ့။ လာတွယ်ရင် ထိုင်ပြီး သေသေချာချာ ကြည့်နေလိုက်။ မဖမ်းနဲ့ဦး။ အများကြီးရမှ တစ်ခါတည်းဖမ်းထည့်လိုက်လို့"ပြောလိုက်သတဲ့။


ဝံပုလွေကြီးက ရေခဲ မြစ်ကမ်းပါးသွားပြီး သူ့အမြီးကို ငါးမျှားတံလိုလုပ်ပြီး ရေထဲချထားသတဲ့။ အဲဒီအဖြစ်အပျက်ဖြစ်တုန်းက ရာသီက ဆောင်းရာသီကြီးတဲ့။ ၀ံပုလွေကြီးက သူ့အမြီးကို ရေထဲချထားပြီး ထိုင်နေလိုက်တာ။ တစ်ညလုံးကုန်ပြီး မိုးလည်းလင်းရော သူ့အမြီးမှာ ရေတွေကခဲပြီး သူ့အမြီးဟာ ရေခဲတွေကြားထဲ ညပ်နေပါရော။ ဒါကြောင့်သူ့အမြီးကို ကုန်းပေါ်တင်ဖို့ ကြိုးစားတဲ့အခါ အမြီးကို မတင်လို့မရဘူးတဲ့။






အမြီးညပ်နေတာကို ၀ံပုလွေက မသိဘူးတဲ့။ အဲဒါကြောင့် "အလို ငါးတွေ ဘယ်နှစ်ကောင်တောင် မိနေပြီလဲမသိဘူး။" လို့ရေရွတ်ပြီး ငါးတွေတော်တော်များများ မိနေပြီလို့ တွေးမိသတဲ့။ အဲဒီလိုဝံပုလွေကြီး စဉ်းစားနေတုန်း အဘွားအိုကြီး တစ်ယောက်က မြစ်ကမ်းဆီကို ရောက်လာသတဲ့။ အဘွားအိုက ၀ံပုလွေကြီးကို မြင်သွားတယ်ဆိုရင်ပဲ "၀ံပုလွေဟေ့ ၀ံပုလွေ၊ ရိုက်ကြ ရိုက်ကြ"လို့ အော်လိုက်တယ်။

အဲဒီအော်သံကို ကြားလိုက်တာနဲ့ လူတွေက ပြေးလာပြီး ၀ံပုလွေကြီးကို ရိုက်ကြတာပေါ့။ တချို့က ကျောက်တုံးနဲ့ထု။ တစ်ချို့က ဆွဲခြင်းနဲ့ ထုကြရိုက်ကြနဲ့။ အဲဒါနဲ့ ၀ံပုလွေကြီးက သူ့အမြီးကို ရေထဲကနေ အတင်းဆွဲထုတ်ပြီး နောက်ကြောင်းတောင် ပြန်မကြည့်နိုင်ဘဲ ခုန်ဆွ ခုန်ဆွနဲ့ ထွက်ပြေးသွားပါလေရော။ ၀ံပုလွေကြီးက စိတ်အရမ်းဆိုးသွားပြီး "တွေ့ကြသေးတာပေါ့ မြေခွေးမရယ်"လို့ စိတ်ထဲကနေ ကြိမ်းဝါးလိုက်သတဲ့။



မြေခွေးမလေးကတော့ ငါးတွေကို ကုန်အောင်စားလိုက်ပြီးတော့ နောက်ထပ် ဘာတွေ ထပ်ခိုးစားရရင်ကောင်းမလဲလို့ စဉ်းစားနေသတဲ့။ အဲဒီနောက်တော့ ဟိုဟိုဒီဒီ လမ်းလျှောက်သွားနေရင်း တဲပုတ်လေးတစ်လုံးကို တွေ့လိုက်တယ်။ အထဲမှာ မိန်းမကြီးတွေ ကိတ်မုန့်ဖုတ်နေတာကို တွေ့တော့ ၀မ်းသာအားရ ပြေးတက်သွားလိုက်တယ်။ အဲဒီမှာတင် ဂျုံမှုန့်ထည့်တဲ့ အိုးနဲ့တိုက်မိပြီး တကိုယ်လုံးကို ဂျုံမှုန့်တွေ အဖွေးသားဖြစ်သွားတယ်။ ခေါင်းလည်းကွဲသွားပြီး သွေးတွေရဲကနဲ ထွက်လာသတဲ့။ အဲဒါကြောင့် တဲပုတ်ထဲကနေ ပြေးထွက်လာရတယ်။

မြေခွေးမလေး ပြေးလာတာကို ၀ံပုလွေက တွေ့တယ်။ "ဟေ့ မြေခွေးမ။ မင်း သင်ပေးတာက ဒီလိုလားကွဟေ ။ ငါ့ကို လူတွေ ၀ိုင်းရိုက်ကြတာ တကိုယ်လုံးကို နာလို့ကွ။ သိရဲ့လား" လို့ ၀ံပုလွေကြီးက လှမ်းအော်ပြောသတဲ့။

အဲဒါနဲ့ မြေခွေးမလေးက "သြော် သူငယ်ချင်းရယ်။ ဟုတ်ပါတယ်။ ကျွန်မ အခုတော့ နောင်တရပါပြီ။ သွေးတွေထွက်ပြီးခေါင်းလဲ ကွဲပါပြီ။ ရှင့်ကို မကောင်းကြံမိလို့ အခု ကျွန်မဘေးဒဏ်ထိတာပါ။ လမ်းတောင်မလျှောက်နိုင်တော့ပါဘူးရှင်" လို့ ၀မ်းနည်းပမ်းနည်း ပြောရှာသတဲ့။ အဲဒါနဲ့ ၀ံပုလွေကြီးက သနားသွားပြီးတော့ "အေး မကောင်းကြံ ဘေးဒဏ်ထိတာပဲ။ ကဲကဲ မင်းလမ်းမလျှောက်နိုင်ရင်လဲ ငါ့ကျောပေါ်ပဲ တက်နေလိုက်ပါ။ ငါပဲ မင်းကို သယ်သွားပါ့မယ်"လို့ ပြောပြီး မြေခွေးမလေးကို ကုန်းပိုးသွားသတဲ့။



မြေခွေးမလေးက ၀ံပုလွေကြီး ကျောကုန်းပေါ် တက်ထိုင်နေရင်း နာကျင်လွန်းလို့ ညည်းညူနေရသတဲ့။ ညည်းရင်း ညူရင်းနဲ့ "ကံတရားက ဒဏ်ခတ်တာ။ ကံတရားက ဒဏ်ခတ်တာ။" လို့ တိုးတိုးလေး ရေရွတ်နေသတဲ့။

အဲဒီအသံကို ကြားတာနဲ့ ၀ံပုလွေကြီးက "ဟေ့ ညီမ။ မင်းဘာတွေပြောနေတာလဲ" လို့ မေးလိုက်တယ်။

"ကံတရားက ဒဏ်ခတ်တာလို့ ပြောနေတာပါ ကိုဝံပုလွေရယ်"

"အိမ်း.. ဟုတ်ပေတယ်။ ညီမ။ ဟုတ်ပေတယ်၊ သူတစ်ပါးကို မကောင်းကြံမိလို့ ကံတရားက ဒဏ်ခတ်တာ ဟုတ်ပေတယ်" လို့ ၀ံပုလွေကြီးက ထောက်ခံလိုက်သတဲ့ကွယ်။

ဘာသာပြန်မူပိုင်-အလှတရား

မုိးပ်ံသေဘာၤ

ဟိုးရှေးရှေးတုန်းက လယ်သမားလင်မယားရှိသတဲ့ ။ အဲဒီလင်မယားနှစ်ယောက်မှာ သားသုံးယောက်ရှိသတဲ့ ။ အဲဒီသုံးယောက်ထဲက အကြီးနှစ်ယောက်ကတော့ အင်မတန်မှ ဥာဏ်ကောင်းတဲ့အတွက် အဖေ အမေတွေက အင်မတန်မှချစ်ပြီး အမြဲ သူတို့အကြိုက် စားဖွယ်သောက်ဖွယ်တွေနဲ့ ဖွယ်ဖွယ်ရာရာ ချက်ကျွေးလေ့ရှိသတဲ့ ။ အဝတ်အစားဆိုလို့ရှိရင်လည်း လှလှပပ ဆင်ယင်ပေးသတဲ့ ။ ဒါပေမယ့် အငယ်ဆုံးသားလေး အီဗန် ကတော့ ဥာဏ်မကောင်းတဲ့ ထုံအအလေးလဲဖြစ် ညစ်ညစ်ပတ်ပတ်လဲနေတော့ ချစ်လဲမချစ် ၊ ဂရုလဲမစိုက်ပဲ အရူးကလေးလို့သတ်မှတ်ထားကြသတဲ့ ။

တစ်နေ့တော့ သူတို့နိုင်ငံကိုအုပ်ချုပ်တဲ့ ဇာဘုရင်ကြီးက သူမိုးပျံသဘောင်္တစ်စင်းအလိုရှိတဲ့အကြောင်း မင်းချင်းတွေကို ကြေငြာမောင်းခတ်စေပြီး မိုးပျံသဘောင်္ကိုတည်ဆောက်နိုင်တဲ့ သူကိုလဲ တိုင်းပြည်တစ်ဝက်ကိုအုပ်ချုပ်ခွင့်ပေးရုံမက သူ့ရဲ့ ချစ်မြတ်နိုးလှတဲ့ သမီးတော် မင်းသမီးလေးနဲ့ပါလက်ဆက်ပေးမယ်လို့ အမိန့်ထုတ်ပြန်လိုက်သတဲ့ ။

လယ်သမားရဲ့ သားအကြီးနှစ်ယောက်ကလဲ အဲဒီမိုးပေါ်ပျံနိုင်တဲ့ သဘောင်္ကို တည်ဆောက်ကြည့်ကြမယ်လို့ ဆုံးဖြတ်ပြီး ကံစမ်းကြည့်ကြဖို့ဆုံးဖြတ်လိုက်ကြသတဲ့ ။ သူတို့အမေကလဲ သားနှစ်ယောက်အတွက် စားသောက်ဖွယ်တွေ ကြက်ကင် ငန်းကင်တွေသာမက အောင်မြင်စေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပြီး သားကြီးနှစ်ယောက်လဲ ခရီးစထွက်ခဲ့ကြသတဲ့ ။

ညီအစ်ကိုနှစ်ယောက်လဲ သစ်တောရှိရာကိုသွားကြပြီး သဘောင်္ကြီးဆောက်ဖို့ စပြီးသစ်ပင်တွေခုတ်ကြသတဲ့။ သူတို့ဟာ သစ်ကိုင်းတွေအမြားအပြားခုတ်လို့လဲပြီးရော သစ်ကိုင်းတွေနဲ့ဘာဆက်လုပ်ရမှန်းအကြံဥာဏ်မရှိတော့တဲ့အတွက် ဒေါသထွက်လာကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ကြိမ်းမောင်းနေကြသတဲ့ ။ အဲဒီအချိန်မှာပဲ သူတို့အနားမှာ အဘိုးအိုတစ်ဦး ရှိနေတာကို သတိထားလိုက်မိကြသတဲ့ ။

အဲဒီအဘိုးအိုက “ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဆူပူကြိမ်းမောင်းနေကြသလဲ သူငယ်လေးတို့”လို့ လှမ်းမေးသတဲ့ ။ အလုပ်ပင်ပန်းပြီးဒေါသထွက်နေတဲ့ညီအစ်ကိုနှစ်ယောက်က လည်း “ ဟာ ဒီသူတောင်းစားကြီး အလုပ်များရတဲ့အထဲ ဝေးဝေးသွားစမ်းပါ” လို့မခြေမငံပြန်ပြောလိုက်ကြသတဲ့ ။

ဒီလိုနဲ့ ရက်အနည်းငယ်အကြာမှတော့ သားအကြီးနှစ်ယောက်ဟာ အကြံဥာဏ်ကုန်ပြီးအိမ်ပြန်ရောက်လာကြသတဲ့ ။ သူတို့ပြန်ရောက်လာပြီးမကြာခင်မှာပဲ အငယ်ဆုံးသား အရူးလေးအိုင်ဗန်ကလဲ သူ့မိဘတွေကို သူလဲကံစမ်းပြီး စမ်းကြိုးစားခွင့်ပြုဖို့ မိဘတွေကိုတောင်းပန်သတဲ့ ။

အိုင်ဗန်လေးရဲ့အမေကလဲ “သား မင်းဟာ ဒီလောက်ကြီးကျယ်တဲ့အလုပ်မျိုးဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး ။ တောထဲမှာ တိရိစ္ဆာရိုင်းတွေ အန္တရာယ်ပြုလို့ လမ်းမှာ အသက်ဆုံးတာပဲအဖတ်တင်မယ် ” လို့ပြောသတဲ့။

ဒါပေမယ့် ဇွဲကောင်းလှတဲ့အိုင်ဗန်လေးကတော့ အတင်းတောင်းပန်ပြီးနောက်ဆုံးမှာ အိမ်ကနေစတင်ထွက်ခွာလာသတဲ့။ ဒီတစ်ခါမှာတော့ အိုင်ဗန်လေးရဲ့အမေက မာကျောတဲ့ ပေါင်မုန့်ထူထူတစ်ချပ်သာ လမ်းမှာစားဖို့ပေးလိုက်သတဲ့။

တောအုပ်ကိုရောက်တဲ့အခါ အိုင်ဗန်လေးဟာ ထင်းရူးပင်ကြီးတစ်ပင်ကို ခုတ်လှဲလိုက်ပြီး မိုးပျံသဘောင်္ကိုစပြီးတည်ဆောက်ဖို့ကြိုးစားသတဲ့ ။ အဲဒီအချိန်မှာပဲ အစ်ကိုကြီးနှစ်ယောက်နဲ့တွေ့ခဲ့တဲ့အဘိုးအိုဟာ ရောက်လာပြန်သတဲ့ ။

“သူငယ်လေး မင်းဒီမှာ ဘာများလာလုပ်နေပါသလဲ ”လို့ အဘိုးအိုက စမေးသတဲ့။ အိုင်ဗန်လေးကလဲ “ မိုးပျံသဘောင်္တစ်စီးဆောက်ဖို့ကြိုးစားနေပါတယ် အဘိုးရယ် ”လို့ အမှန်တိုင်းပဲပြောလိုက်သတဲ့။ အဲဒီအခါ အဘိုးအိုက “ဟာ ဒီလို အရာမျိုးဆိုတာ အင်မတန်မှ တည်ဆောက်ဖို့ခက်ခဲတဲ့အရာပဲ ”လို့ ရေရွတ်သတဲ့ ။ အိုင်ဗန်လေးကလဲ “ အဘိုးတို့လို လူကြီးသူမဆိုတာ အင်မတန်မှ ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံပါပေတယ် ။ ကျေးဇူးပြုလို့ အကြံကောင်းဥာဏ်ကောင်းလေးများ မစပါလို့ ”တောင်းပန်သတဲ့ ။

ဒါနဲတင် ထူးဆန်းတဲ့အဘိုးအိုက အိုင်ဗန်လေးကို မိုးပျံသဘောင်္ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ ပြောပြလိုက်တာ အိုင်ဗန်လေးဟာ မိုးပျံသဘောင်္ကို အခက်အခဲမရှိ လွယ်ကူစွာပဲ တည်ဆောက်နိုင်သွားသတဲ့ ။ အဘိုးအိုဟာ အိုင်ဗန်လေးကို အင်မတန်မှာချီးကျူးပြီး အစားအသောက်များလဲပေးသတဲ့ ။

အိုင်ဗန်လေးကလဲ “ အဘိုးရယ် .. ကျွန်တော့်မှာတော့ ဟောဒီ မာလွန်းတဲ့ ပေါင်မုန့်ခြောက်ကြီးပဲ ကျွေးစရာပါ ပါတယ်” လို့ ဝမ်းပန်းတနည်းပြောသတဲ့ ။ အဘိုးအိုကလဲ “ ကိစ္စမရှိပါဘူး .. ပေးသာပေးပါ” လို့ပြောပြီးပေးလိုက်တဲ့အခါ မာကြောတဲ့ပေါင်မုန့်ခြောက်ဟာ အဘိုးအိုလက်နဲ့ထိလိုက်တာနဲ့ အင်မတန်မွှေးကြိုင်သန့်ရှင်းပြီး လတ်ဆတ်တဲ့ပေါင်မုန့် တွေဖြစ်ကုန်သတဲ့ ။

စားသောက်ပြီးကြတဲ့အခါ အဘိုးအိုက အီဗန်လေးကို ဒီမိုးပျံသဘောင်္ကိုဘယ်လိုမောင်းနှင်ရမယ်ဆိုတာ ပြောပြပြီး လမ်းမှာတွေ့တဲ့ သူတွေကိုလဲ ခရီးကြုံခေါ်တင်သွားပါလို့ အကြံပေးလိုက်သတဲ့ ။ အိုင်ဗန်လေးကလဲ အဘိုးအိုရဲ့စကားကို လေးလေးစားစားမှတ်သားထားပြီး စခရီးထွက်လာခဲ့သတဲ့ ။ သူမိုးပျံသင်္ဘောကိုထိုင်လိုက်တယ်ဆိုရင်ပဲ သဘောင်္ကြီးဟာ ပျံထွက်သွားလိုက်တာ သစ်ပင်တွေ ချောင်းတွေ လယ်ကွင်းတွေဆိုတာ ဟိုးအဝေးမှာ ကျန်ရစ်ခဲ့သတဲ့ ။ တော်တော်လေးပျံလာတယ်ဆိုရင်ပဲ အီဗန်ဟာ တစ်နေရာမှာ လူတစ်ယောက်ဟာ မြေပြင်မှာဒူးထောက်ပြီး နားကိုမြေကြီးနဲ့ကပ်ပြီး နားထောင်နေတာကို တွေ့ရသတဲ့ ။ အီဗန်လေးဟာ အရမ်းကိုထူးဆန်းသွားပြီး ဒီလူဘာများလုပ်နေပါသလဲလို့မေးကြည့်မိသတဲ့။

“နောင်ကြီးရယ် .. နားနှစ်ဘက်ကိုမြေကြီးနဲ့ကပ်ပြီးဘာများလုပ်နပါသတုန်း ”လို့မေးလိုက်တဲ့အခါ အဲဒီလူထူးဆန်းက “ဟိုးတောင်ပိုင်းက ငှက်တွေရဲ့တေးဆိုသံကို နားထောင်နေတာပါ လို့ဖြစ်သတဲ့ ။ ဆက်ပြီး သူဟာ ဒါတင်မက တစ်ကမ္ဘာလုံးမှာဖြစ်ပျက်ပြောဆိုနေတဲ့အသံအားလုံးကိုကြားနိုင်တယ်လို့ ပြောလိုက်သတဲ့ ။အီဗန်လေးကလဲအံ့သြသွားပြီး အဲဒီလူကို သူနဲ့ အတူ လိုက်ခဲ့ဖို့ခေါ်သတဲ့ ။ လူထူးဆန်းကလဲ သဘောတူလိုက်ပြီး အီဗန်လေးနဲ့အတူ ခရီးဆက်ထွက်လာကြသတဲ့ ။

သိပ်မကြာခင်မှာပဲ သူတို့ဟာမြေပြင်ပေါ်မှာနောက်ထပ်လူထူးဆန်းတစ်ယောက်ကိုထပ်တွေ့သတဲ့ ။ အဲဒီလူဟာ ခြေတစ်ဖက်ကို နားရွက်မှာချိတ်ပြီး ခြေတစ်ချောင်းထဲနဲ့ ခုန်ဆွဆွသွားနေတာတဲ့အတွက် အီဗန်လေးက ဘာကြောင့်များ ခြေတစ်ချောင်းထောက်ခုန်နေရသလဲလို့ မေးတဲ့အခါ အဲဒီလူက “အဲလိုသာခုန်မနေဘူးဆိုရင် ကျုပ် ဟာ ကမ္ဘာတစ်ဘက်ခြမ်းကို တစ်ထိုင်တည်းရောက်သွားမယ်”လို့ပြန်ဖြေသတဲ့ ။ အီဗန်လေးကလဲ “ကဲ ဒါဖြင့် ကျွန်တော်တို့နဲ့အတူလိုက်သာလိုက်ခဲ့ပါ”လို့ ဖိတ်ခေါ်လိုက်တဲ့အခါ အဲဒီခြေလှမ်းကျယ်လူကလဲ ခြေတစ်ချောင်းနဲ့ခုန်တက်လိုက်ပြီး ခရီးဆက်ထွက်လိုက်လာကြတာ ဘာမှမရှိတဲ့ ကောင်းကောင်ပေါ်ကို သေနတ်တစ်လက်နဲ့ချိန်နေတဲ့ လူတစ်ယောက်ကိုတွေ့တဲ့အထိပဲတဲ့ကွယ် ။

အဲဒီလူက “ကျုပ်က ဒီရှေ့ ကီလိုမီတာတစ်ထောင်လောက်အကွာက သစ်ကိုင်းမှာနားနေတဲ့ ကြက်မကို ပစ်မလို့ချိန်နေတာပါ” လို့ဖြေတဲ့အတွက် အိုင်ဗန်လဲ ခေါ်လာလာခဲ့ပြန်သတဲ့။ ဒီလိုနဲ့ အဆုံးအစမရှိတဲ့ကောင်းကင်ကြီးထဲမှာ ဆက် ခရီးထွက်လာလိုက်ကြတာ တစ်နေရာလဲရောက်ရော ကျောပေါ်မှာ ပေါင်မုန့်တွေ တစ်ခြင်းကြီးအပြည့်ထမ်းထားတဲ့ လူတစ်ယောက်ကိုတွေ့သတဲ့ ။ အီဗန်လေးကလဲ ဘယ်များသွားမလို့ပါလဲလို့မေးတဲ့အခါ အဲဒီလူက မြို့မှာ ညစာသွားဝယ်မလို့လို့ဖြေသတဲ့ ။ အိုင်ဗန်လေးလဲအံ့သြသွားပြီး “ကျောပေါ်မှာ ပေါင်မုန့်တွေအပြည့်ရှိနေရက်နဲ့ ဘာလို့များသွားဝယ်ရဦးမှာလဲ”လို့မေးသတဲ့ ။ အဲဒီလူကလဲ “ ဒါဘာဟုတ်သေးလို့လဲ ကျုပ်တကယ်ဆာလာတဲ့အခါ အဲဒီပေါင်မုန့်အကုန်လုံးကိုတစ်လုပ်ထဲစားနိုင်ပါတယ် လို့ပြန်ဖြေသတဲ့ ။ အိုင်ဗန်လဲထုံးစံအတိုင်းသူတို့နဲ့လိုက်ခဲ့ဖို့ ခေါ်ခဲ့ပြန်သတဲ့ကွယ်။

ဒီလိုနဲ့ ဆက်ပျံလာလိုက်တာမကြာခင်မှာပဲ ရေကန်တစ်ကန်ကို တစ်ပတ်ပြီးတစ်ပတ် ပတ်လျောက်နေတဲ့လူတစ်ယောက်ကိုထပ်တွေ့ပြန်သတဲ့ ။ အိုင်ဗန်လေးလဲ “ဘာကြောင့်များရေကန်ကို တစ်ပတ်ပြီးတစ်ပတ်ပတ်နေရတာလဲ”လို့မေးသတဲ့ ။ အဲဒီလူကလဲ သူရေသိပ်ဆာနေလို့ ရှာနေပေမယ့် ဘယ်လိုမှရေမတွေ့ဘူးဖြစ်နေတယ်လို့ဖြေသတဲ့ ။ အိုင်ဗန်ကလဲ ရေကန်ကြီးတစ်ကန်လုံးရှေ့မှာရှိနေတာပဲ သောက်လိုက်ပါလားလို့ ပြောသတဲ့ ။ အဲဒီလူကလဲ သူ့အတွက်တော့ဒီရေကန်ဟာ တစ်ငုံစာပဲရှိပြီး ဒီရေကန်ထဲကရေအကုန်သောက်ပြီးရင်တောင်ရေထပ်ဆာနေတုန်းပဲလို့ပြောသတဲ့ ။ဒါနဲ့ အီဗန်လေးလဲ အဲဒီလူကိုအတူလိုက်ဖို့ ဖိတ်ခဲ့တဲ့အတွက် အဲဒီလူကလဲ သဘောင်္ကြီးနဲ့လိုက်လာခဲ့သတဲ့ ။

မိုးပျံသဘောင်္ကြီးလဲဆက်ပျံလာလိုက်တာ တစ်နေရာရောက်တော့ ကျောပေါ်မှာ ထင်းတွေအပြည့်သယ်ပိုးပြီး တောအုပ်ထဲကိုသွားနေတဲ့လူတစ်ယောက်ကိုတွေ့ပြန်သတဲ့ ။ ထုံးစံတိုင်းအီဗန်လေးကလဲ မေးပြန်တာပေါ့။ ဒီတော့ အဲဒီလူက ဒီသစ်ကိုင်းခြောက်တွေဟာ သာမန်သစ်ကိုင်းတွေမဟုတ်ကြောင်း ၊ ဒီသစ်ကိုင်းတွေကို တောအုပ်ထဲက မြေကွက်လပ်တစ်ခုမှာကျဲချလိုက်တာနဲ့ စစ်တပ်ကြီး ရုတ်ချည်းပေါ်လာနိုင်ကြောင်းပြောသတဲ့။ ထုံးစံတိုင်းဒီလူကိုလဲ အီဗန်လေးက အတူလိုက်ဖို့ခေါ်လာတာပေါ့။

နောက်တစ်နေရာလဲရောက်ရောကျောပေါ်မှာမြက်ထုံးတွေသယ်ပိုးထားတဲ့ လူတစ်ယောက်တွေ့ပြန်ပါရောတဲ့ကွယ် ။ အဲဒီမြက်တွေကလဲ သာမန်ရိုးရိုးမြက်တွေမဟုတ်ပြန်ဘူးတဲ့ ။ ဘယ်လောက်ပူပြင်းခြောက်သွေ့နေပါစေ အဲဒီမြက်တွေကိုသာကျဲချလိုက်မယ်ဆိုရင် ချက်ခြင်း မြူနှင်းတွေကျလာပြီး လေပြည်လေးတွေတိုက်ခတ်လာနိုင်သတဲ့ကွယ် ။ အဲဒီလူကတော့ အီဗန်လေးနဲ့အတူလိုက်လာတဲ့နောက်ဆုံးလူပဲတဲ့ကွယ် ။

ဒီလိုနဲ့ခရီးဆက်လာလိုက်ကြတာ နောက်ဆုံးမှာတော့ ဇာဘုရင်ရဲ့နန်းတော်ကြီးကိုရောက်သွားကြသတဲ့ ။ အဲဒီအချိန်မှာဘုရင်ကြီးက မနက်စာ စားတော်မူနေတုန်းတဲ့ ။ နန်းရင်ပြင်မှာပျံဝဲလာတဲ့ မိုးပျံသဘောင်္ကြီးကိုလဲမြင်ရော ဘုရင်ကြီးက သူ့အမှုထမ်းတွေကို ဒီသဘောင်္ကိုမောင်းနှင်လာသူက ဘယ်သူလိုဆိုတာ ချက်ခြင်းစုံစမ်းစေသတဲ့ ။ မင်းချင်းတွေလဲ စုံစမ်းလိုက်တဲ့အခါ ရောက်ရှိလာသူဟာ သာမန် လယ်သမားသားတစ်ဦးဖြစ်ပြီး မင်းမျိုးမင်းနွယ်မဟုတ်တာလဲသိရော အင်မတန်မှာကိုစိတ်ပျက်သွားသတဲ့ ။ သူ့စိတ်ထဲမှာလဲ တော်ဝင်သွေးမဟုတ်တဲ့ လယ်သမားသားနဲ့ သူ့ချစ်လှစွာသောသမီးတော်လေးကို ဘယ်လိုမှပေးစားလို့မဖြစ်ဘူးလို့ တွေးမိသတဲ့ ။ ဒါနဲ့ မူးမတ်တွေကိုတိုင်ပင်ကြည့်တဲ့အခါ မူးမတ်တွေက ဒီလိုအကြံပေးလိုက်ကြသတဲ့ ။

“အရှင်မင်းကြီး ဒီလယ်သမားသားကို ဘယ်လိုမှမဖြစ်နိုင်အောင်ခက်ခဲတဲ့အလုပ်တွေသာခိုင်းလိုက်ပါ ။ ဒါဆိုသူလမ်းခရီးမှာသာ အသက်ဆုံးရှုံးပြီး ဘယ်လိုမှပြန်လာနိုင်မှာမဟုတ်တော့ပါဘူး” လို့လျောက်တင်ကြသတဲ့ ။ ဒါနဲ့ ဘုရင်ကြီးလဲ အီဗန်လေးကို အသက်ရှင်စေတဲ့ရေနဲ့ သေစေတဲ့ရေထည့်ထားတဲ့ ရေတကောင်းနှစ်ခုကို သူမနက်စာစားလို့မပြီးခင်အတွင်း အရောက်ရအောင်ယူလာရမယ်လို့ အမိန့်ပေးလိုက်သတဲ့ ။ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက်အီဗန်လေးကလဲ အင်မတန် တုန်လှုပ်သွားသတဲ့ ။ ဒီမှာပဲ သူခေါ်လာတဲ့ ခြေလှမ်းကျယ်လူက ဘာမှမစိုးရိမ်ပါနဲ့ လူငယ်လေး ကျုပ် မိနစ်ပိုင်းအတွင်းရအောင်ယူပေးပါ့မယ်လို့ ကတိပေးပြီး သူ့နားရွက်မှာချိတ်ထားတဲ့ခြေတစ်ဖက်ကိုဖြုတ် လှမ်းခုန်လိုက်တာမှာ တစ်ခါတည်း လူသူမရောက်နိုင်တဲ့လျို့ဝှက်မြို့တော်ကိုရောက်သွားပြီး ရေတကောင်းတွေကို တစ်ခါထဲယူလိုက်သတဲ့ ။ ဒါပေမယ့် အဲဒီအချိန်မှာပဲ သူက “ဟာ ငါ့မှာ ဒီလောက်အချိန်တွေအများကြီးပိုနေသေးတာပဲ ခဏလောက်အိပ်လိုက်ပါဦးမယ်လေ” ဆိုပြီး အနီးမှာရှိတဲ့ ဝက်သစ်ချပင်ကြီးအောက်မှာ အိပ်ပျော်သွားသတဲ့ ။

ဒီအချိန်မှာ နန်းတော်မှာတော့ ဘုရင်ကြီးက မနက်စာစားလို့ပြီးသွားတဲ့အထိ ခြေလှမ်းကျယ်လူပြန်မရောက်လာသေးတဲ့အတွက် အီဗန်လေးခမျာ အခက်အခဲကြုံနေရရှာသတဲ့ ။ ဒါနဲ့ ဘာမဆိုကြားနိုင်တဲ့နားရှိသူက မြေကြီးကိုနားကပ်ပြီးနားထောင်ကြည့်တဲ့အခါ ခြေလှမ်းကျယ်ရဲ့ ဟောက်သံကို အကျယ်ကြီးကြားရသတဲ့ ။ ဒါနဲ့ အဝေးကြီးက အရာတွေကို သေနတ်နဲ့ပစ်နိုင်သူက တစ်ခါတည်း နန်းတော်ကနေပြီး သေနတ်နဲ့ဝက်သစ်ချပင်ကိုပစ်ချလိုက်တာ အပင်ပေါ်က အသီးတွေပြုတ်ကျလာပြီး ခြေလှမ်းကျယ်လဲ လန့်နိုးသွားသတဲ့ကွယ် ။ ခြေလှမ်းကျယ်လဲတစ်ခါတည်း ခုန်ထလိုက်တာ ချက်ခြင်းပဲနန်းတော်ကိုပြန်ရောက်လာပြီး အသက်ရှင်စေတဲ့ရေနဲ့ သေစေတဲ့ရေ ကို ပေးလိုက်သတဲ့ ။

ဘုရင်ကြီးလဲ ရေတကောင်းနှစ်ခုကိုကြည့်ပြီး အစွမ်းထက်မထက်စမ်းကြည့်ဖို့စိတ်ကူးပေါက်သွားသတဲ့ ။ ဒါနဲ့ အစေခံတွေကို ကြက်ဖတစ်ကောင်ယူလာစေပြီး သေစေတဲ့ရေနဲ့ဖြန်းလိုက်ရာမှာကြက်ဖလဲ တစ်ခါတည်း အသက်ပျောက်သွားသတဲ့ ။ ဒါပေမယ့် အသက်ရှင်စေတဲ့ရေနဲ့လဲပြန်ဖြန်းလိုက်ရော အသက်ပြန်ရှင်လာသတဲ့ကွယ် ။

ပထမ အလုပ်ကိုအောင်မြင်သွားတာကြောင့် ဘုရင်ကြီးလဲ နောက်တစ်ခုထပ်ခိုင်းဖို့ကြံသတဲ့ ။ ဒုတိယတစ်ခုကတော့ ပိုပြီးမှတောင်ခက်ခဲသတဲ့ ။ ဘာလဲဆိုတော့ ကင်ထားတဲ့ နွားကြီးဆယ့်နှစ်ကောင်နဲ့ ဖုတ်ထားတဲ့ ပေါင်မုန့်ကြီး ဆယ့်နှစ်လုံးကို တစ်ထိုင်ထဲနဲ့ကုန်အောင်စားရမတဲ့ ။ အိုင်ဗန်လေးကလဲ “ဆယ့်နှစ်ကောင်မပြောနဲ့ နွားကြီးတစ်ကောက်ကိုတောင်တစ်ပတ်စားလို့မကုန်နိုင်ကြောင်း ပြောပြီးညည်းငြူသတဲ့ ။ ဒီအခါမှာအစားကြီးတဲ့လူက မပူပါနဲ့ ဒါလောက်များတော့ အဆာပြေရုံလောက်ပဲရှိပါတယ် ဆိုပြီး တစ်ခါတည်း စားလိုက်တာမှာ မလောက်လို့တောင်ထပ်တောင်းရသေးသတဲ့ ။

ဘုရင်ကြီးလဲတော်တော် စိတ်ပျက်သွားပြီး အစေခံတွေကိုခေါ် ဘီယာစည်ကြီးလေးဆယ်ထဲမှာ ဘီယာခွက်ကြီးလေးဆယ်လောင်းထည့်စေပြီး အဲဒီစည်လေးဆယ်ကို တစ်ခါတည်း အပြီးသောက်ပြရမယ်လို့ခိုင်းပြန်သတဲ့ ။ ဒီတစ်ခါလဲ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အီဗန်လေးကို ကယ်မဲ့လူပေါ်လာပြန်သတဲ့ ။ သူကတော့ ရေသောက်ကြီးသူပါပဲ ။ သူက ဒါလေးများ တစ်ခါသောက်ပဲရှိပါသေးကော ။ ဒါသောက်ပြီးရင်တောင် ထပ်ထည့်ဖို့ ဗိုက်ထဲမှာနေရာရှိပါသေးတယ်လို့ ပြောပြီးသောက်ပြလိုက်သတဲ့ ။

နောက်ဆုံးတော့ ဘုရင်ကြီးလဲ နောက်ထပ်အကြံအဖြစ် သံအိုးကြီးကို ဖြူသွားတဲ့အထိ ပူသွားအောင် မီးအပူပေးပြီး အဲဒီရေနွေးအိုးထဲမှာ တစ်ည နေပြရမယ်လို့အီဗန်လေးကိုခိုင်းသတဲ့ ။ စိတ်ထဲမှာလဲ ဒီတစ်ခါတော့ တစ်ခါတည်း အသက်ပျောက်ပြီး ကိစ္စပြတ်ပြီပဲလို့ တွေးမိသတဲ့ ။

ဒီတစ်ခါတော့အီဗန်လေးက သူနဲ့အတူ မြက်ထုတ်နဲ့လူကို ခေါ်သွားလိုက်တာ အထဲလဲရောက်ရော မြက်ထုတ်နဲ့လူက မြက်တွေကိုကျဲချလိုက်တဲ့အတွက် ရေပူတွေဟာ အေးကုန်ပြီး တစ်ခါတည်း ရေတွေခဲသွားလိုက်တာ အီဗန်လေးခမျာ မျက်နှာသစ်ဖို့ရေတောင် ကမန်းကတန်းယူလိုက်ရသတဲ့ ။ နောက်နေ့မနက်မိုးလင်းလို့ အိုးကြီးလဲဖွင့်လိုက်ရော အီဗန်လေးက လန်းလန်းဆန်းဆန်းနဲ့ အိုးထဲကထွက်လာတာတွေ့ကြရတာပေါ့ကွယ် ။

ဒါနဲ့နောက်ဆုံးအဖြစ် ဘုရင်ကြီးက အီဗန်လေးကို နောက်နေ့မနက်မတိုင်ခင် စစ်တပ်ကြီးတစ်ခု ဖန်ဆင်းပေးရမယ်လို့ တောင်းဆိုလိုက်သတဲ့ ။ သူ့စိတ်ထဲမှာလဲ အီဗန်လို လယ်သမားသားအဖို့ ဒီလောက်အချိန်တိုအတွင်း စစ်တပ်ကြီးဖွဲ့စည်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးလို့ တွေးပြီး ဒီတစ်ခါတော့ အီဗန်လေးရှုံးပြီလို့တွက်နေသတဲ့ ။

အီဗန်လဲဒီတစ်ခါတော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့လက်မှိုင်ချနေတုန်း ထင်းခြောက်သယ်တဲ့လူက ထွက်လာပြီး “လူငယ်လေး မင်း ကျုပ်ကိုမေ့နေတာပဲ ကျုပ်သာ ထင်းခြောက်တွေကျဲလိုက်ရင် မျက်စိတစ်မှိတ်တွင်း စစ်တပ်ကြီးပေါ်လာနိုင်ပါတယ် ။ တကယ်လို့ ဒါတောင်မှဘုရင်ကြီးက သူ့သမီးတော်ကိုမပေးရင် အဲဒီစစ်တပ်နဲ့ ဒီတိုင်းပြည်ကို တိုက်ခိုက်ပြီးသိမ်းပိုက်ပစ်မယ်လို့” ပြောလိုက်သတဲ့။

ဒါနဲ့ နောက်နေ့မနက်လဲရောက်ရော အီဗန်ဟာ သစ်ကိုင်းခြောက်တွေကို မြက်ပြင်မှာကျဲလိုက်တာ တစ်မဟုတ်ချင်း စစ်တပ်ကြီးပေါ်လာသတဲ့ ။ ဘုရင်ကြီးအိပ်ရာနိုးတဲ့အခါ နန်းတော်အဝမှာ အလံတလူလူ စစ်ရေးတပြင်ပြင်နဲ့ကြီးမားလှတဲ့စစ်တပ်ကြီးကိုတွေ့လိုက်ရတဲ့အတွက် အင်မတန်မှတုန်လှုပ်သွားပြီး တစ်ခါတည်း သူ့စစ်တပ်တွေကို ခေါ်ထုတ် စစ်ပွဲကြီးဆင်နွဲစေသတဲ့ ။ ဒါပေမယ့်နောက်ဆုံးမှာ အီဗန်လေးရဲ့တပ်တွေက အနိုင်ရသွားပြီး စစ်သားတွေဟာ နန်းတော်ထဲကိုထိုးဖောက်လာနိုင်ကြသတဲ့ ။ဒီတော့မှ ဘုရင်ကြီးလဲကြောက်လန့်ပြီး အီဗန်လေးကိုဒူးထောက်တောင်းပန်ကာ မင်းသမီးလေးကိုလက်ထပ်ဖို့ တောင်းဆိုသတဲ့ ။

ကောက်ကျစ်လှတဲ့ဘုရင်ကြီးရဲ့စကားကို ဒီတစ်ခါတော့အီဗန်လေးက မနာခံတော့ပဲ တစ်ခါတည်း ဘုရင်ကြီးကိုတိုင်းပြည်ကနှင်ထုတ်လိုက်သတဲ့ ။ ဒီနောက်မှာတော့ မင်းသမီးလေးနဲ့လက်ဆက်ပြီး တိုင်းပြည်ကြီးကို အင်မတန်မှဥာဏ်ပညာပြည့်ဝစွာနဲ့ စီရင်အုပ်ချုပ်တော်မူသတဲ့ ။ အီဗန်လေးကိုလဲ ဘယ်သူကမှအရူးလေးအီဗန်လို့ မခေါ်ကြတော့ဘူးတဲ့ကွယ် ။

ဘုရင်ကြီးအီဗန်ကိုလဲ တိုင်းသူပြည်သားများကအင်မတန်မှလေးစားချစ်ခင်ကြသတဲ့ ။ မင်းသမီးလေးကတော့ပိုလို့အချစ်ဆုံးဖြစ်ပြီး အီဗန်လေးနဲ့အတူ အသက်ထက်ဆုံးပျော်ရွင်စွာ ပေါင်းသင်းနေထိုင်သွားကြသတဲ့ကွယ် ။

ဘာသာပြန်မူပိုင်- ချစ်ခြင်းခြေရာ

Wednesday, 3 February 2010

ယုန်ကလေးရဲ့တဲအိမ် (Зайкина избушка)

ဟိုရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ မြေခွေးတစ်ကောင်နဲ့ ယုန်ကလေးတစ်ကောင်တို့ နေထိုင်ကြသတဲ့။ သူတို့နှစ်ဦးရဲ့ နေရာက တစ်ဦးနဲ့တစ်ဦး သိပ်မဝေးလှဘူး။ ဆောင်းဦးအော်တမ် ရာသီ ရောက်တဲ့အခါ တောအုပ်ကြီးလည်း  တဖြည်းဖြည်း အေးလာတော့တာပေါ့။ အဲဒါနဲ့ သူတို့ဟာ ဆောင်းရာသီ ရောက်တဲ့အခါမှာ အအေးဒဏ်ခံနိုင်ဖို့ တဲအိမ်ကလေးတွေ ဆောက်ကြဖို့ ဆုံးဖြတ်ကြတော့ တာပေါ့။  မြေခွေးက သူ့ရဲ့တဲအိမ်ကို နှင်းခဲတွေနဲ့ ဆောက်သတဲ့။ ယုန်ကတော့ ရွှံ့စေးနဲ့ ဆောက်တယ်။ ဆောင်းရာသီ ရောက်တဲ့အခါကျတော့ သူတို့နှစ်ဦးစလုံး တဲအသစ်ကလေးတွေ ငြိမ့်နေကြတာပေါ့။

အဲ... ဒီလိုနဲ့ နွေဦးပေါက် ရာသီ ရောက်လာတယ်။ နေမင်းကြီးကလည်း နွေးနွေးထွေးထွေး သာလို့။ အပူဓာတ်ကလေးရတယ် ဆိုရင်ပဲ တကတည်း မြေခွေးရဲ့ နှင်းဖတ် တဲအိမ်ကလေးဟာ ပျော်ကျသွားပါလေရော။ ယုန်ကလေးရဲ့ တဲအိမ်ကတော့ မပြိုဘူးတဲ့။ အဲဒါနဲ့ မြေခွေးက ယုန်ကလေးရဲ့တဲကို လာပြီး ယုန်ကလေးကို နှင်ထုတ်လိုက်တယ်။ ယုန်ကလေး ထွက်ပြေးသွားတော့ ယုန်ကလေးရဲ့ တဲမှာ ၀င်နေလိုက်သတဲ့။

ယုန်ကလေးဟာ အိမ်ကထွက်လာပြီး ဗြိရိုစ့် သစ်ပင်ကြီးအောက်မှာ ထိုင်ငိုနေတာပေါ့ကွယ်။ အဲဒီလိုငိုနေတုန်း ၀ံပုလွေကြီး ရောက်လာတယ်။ ယုန်ကလေး ငိုနေတာကို တွေ့သွားတော့ ၀ံပုလွေကြီးက

"ယုန်ကလေးရယ် ဘာကြောင့်ကွယ် ငိုနေရသလဲကွယ်"လို့ မေးလိုက်တယ်။

"မငိုပဲလေ ကျွန်တော့မှာ ဘယ်နေနိုင်မလဲ ခင်ဗျာ " လို့ ယုန်ကလေးက ဖြေရှာတယ်။

"ကျွန်တော်မျိုးနဲ့ မြေခွေးဟာ နီးနီးကပ်ကပ်နေခဲ့တာ။ ကျွန်တော်တို့ဟာ တဲအိမ်များ ဆောက်ခဲ့ကြတာဗျား။ ကျွန်တော်ကတော့ တဲအိမ်ကို ရွှံ့နဲ့ဆောက်သကို။ မြေခွေးကတော့ ဆောက်တာများ နှင်းခဲတွေနဲ့ဗျား။ နွေဦးပေါက်တော့ သူ့တဲဟာ ပြိုကျသွားတော့တာ။ ကျွန်တော့်တဲဟာ မပြိုကျ၊ အကောင်းအတိုင်းဗျ။ မြေခွေးကြီးက ရောက်လို့လာ ကျွန်တော့်ကိုလေ မောင်းထုတ်တာ။ ကျွန်တော့်တဲကို သူလုသွား။ ခုတော့ ကျွန်တော့်မှာ ငိုနေရတယ်ဗျား"

"မငိုပါနဲ့ ယုန်ကလေးရာ။ ငါက မင်းကို ကူညီမှာ။ မြေခွေးကြီးကို မင်းတဲက မောင်းထုတ်ပေးမယ်ဗျ။"

သူတို့အတူတူ သွားကြတာပေါ့။ ရောက်ရောဆိုပါစို့။ ၀ံပုလွေကြီးက တဲအိမ်ကလေးရဲ့ ခြံဝင်းထဲမှာ ရပ်လိုက်ပြီး မြေခွေးကို အော်ပြောလိုက်တယ်။

"ဘာလို့ သူများတဲကို ခိုးရသလဲကွ။ ဟေ...။ မီးလင်းဖိုယူပြီး ခုဆင်းသွားစမ်း။ တယ်လေ။ လှမ်းရိုက်လိုက်ရ" လို့ အော်ပြောသတဲ့။

မြေခွေးက နည်းနည်းမှ မကြောက်တဲ့ အပြင် ၀ံပုလွေကြီးကို ခုလို ပြန်ပြောလိုက်သေး တယ်။

"ပြေးလေရော့ဟဲ့ ၀ံပုလွေစုတ်၊ ငါ့အမြီးက မာတုတ်တုတ်၊ ဟောဒီလိုလေ ရိုက်လိုက်မယ်၊ အသက်ထွက်ရော့ဟယ်" ဆိုပြီး ပြောလိုက်တယ်တဲ့။

အဲဒါနဲ့ ၀ံပုလွေကြီးက ကြောက်ဒူးတုန်သွားသတဲ့။ ယုန်ကလေးကို ထားပြီး ထွက်ပြေးသွားပါလေရော။ ယုန်ကလေးခမျာ ဗြိရိုစ့်ပင်ကြီးအောက်မှာ ၀မ်းနည်းပမ်းနည်း ငိုနေရပြန်တာပေါ့။

တောအုပ်ထဲကို ၀က်ဝံကြီး အလည် ရောက်လာတယ်။ ယုန်ကလေး ငိုနေတာကို တွေ့သွားတော့ ၀က်ဝံကြီးက

"ယုန်ကလေးရယ် ဘာကြောင့်ကွယ် ငိုနေရသလဲကွယ်"လို့  မေးတယ်တဲ့။

"မငိုပဲနဲ့ ကျွန်တော့်မှာ ဘယ်နေနိုင်မလဲဗျာ " လို့ ယုန်ကလေးက ဖြေရှာတယ်။

"ကျွန်တော်မျိုးနဲ့ မြေခွေးဟာ နီးနီးကပ်ကပ်နေခဲ့တာ။ ကျွန်တော်တို့ဟာ တဲအိမ်များ ဆောက်ခဲ့ကြတာဗျား။ ကျွန်တော်ကတော့ တဲအိမ်ကို ရွှံ့နဲ့ဆောက်သကို။ မြေခွေးကတော့ ဆောက်တာများ နှင်းခဲတွေနဲ့ဗျား။ နွေဦးပေါက်တော့ သူ့တဲဟာ ပြိုကျသွားတော့တာ။ ကျွန်တော့်တဲဟာ မပြိုကျ၊ အကောင်းအတိုင်းဗျ။ မြေခွေးကြီးက ရောက်လို့လာ ကျွန်တော့်ကို မောင်းထုတ်တာ။ ကျွန်တော့်တဲကို သူလုသွား။ ခုတော့ ကျွန်တော့်မှာ ငိုနေရတယ်ဗျား"

"မငိုပါနဲ့ ယုန်ကလေးရာ။ ငါက မင်းကိုကူညီမှာ။ မြေခွေးကြီးကို မင်းတဲက မောင်းထုတ်ပေးမယ်ဗျ။"

သူတို့အတူတူ သွားကြတာပေါ့။ ရောက်ရောဆိုပါစို့။ ၀က်ဝံ တဲအိမ်ကလေးရဲ့ ခြံဝင်းထဲမှာ ရပ်လိုက်ပြီး မြေခွေးကို အော်ပြောလိုက်တယ်။

"ဘာလို့ သူများတဲကို ခိုးရသလဲကွ။ ဟေ။ မီးလင်းဖိုယူပြီး ခုဆင်းသွားစမ်း။ တယ်လေ။ လှမ်းရိုက်လိုက်ရ" လို့ အော်ပြောသတဲ့။

မြေခွေးက နည်းနည်းမှ မကြောက်တဲ့ အပြင် ၀က်ဝံကြီးကို ခုလို ပြန်ပြောလိုက်သေး ဆိုပဲ။

"သတိထားဟဲ့ ၀က်ဝံစုတ်၊ ငါ့အမြီးက မာတုတ်တုတ်၊ ဟောဒီလိုလေ ရိုက်လိုက်မယ်၊ အသက်ထွက်ရော့ဟယ်" ဆိုပြီး ပြောလိုက်တယ်တဲ့။

အဲဒါနဲ့ ၀က်ဝံကြီးက ကြောက်ဒူးတုန်သွားသတဲ့။ ယုန်ကလေးကို ထားပြီး ထွက်ပြေးသွားပါလေရော။ ယုန်ကလေးခမျာ ဗြိရိုစ့်ပင်ကြီးအောက်မှာ ၀မ်းနည်းပမ်းနည်း ငိုနေရပြန်တာပေါ့။

ရုတ်တရက်ပဲ ကြက်ဖကြီးတစ်ကောင်ဟာ တောထဲအလည်လာရင်း ယုန်ကလေး ငိုနေတာကို တွေ့ပါလေရော။ အဲဒါနဲ့ ယုန်ကလေးအနားကို ကပ်လာပြီးမေးတယ်။

"ယုန်ကလေးရယ် ဘာကြောင့်ကွယ် ငိုနေရသလဲကွယ်"

"မငိုပဲနဲ့ ကျွန်တော့်မှာ ဘယ်နေနိုင်မလဲဗျာ " လို့ ယုန်ကလေးက ဖြေရှာတယ်။

"ကျွန်တော်မျိုးနဲ့ မြေခွေးဟာ နီးနီးကပ်ကပ်နေခဲ့တာ။ ကျွန်တော်တို့ဟာ တဲအိမ်များ ဆောက်ခဲ့ကြတာဗျား။ ကျွန်တော်ကတော့ တဲအိမ်ကို ရွှံ့နဲ့ဆောက်သကို။ မြေခွေးကတော့ ဆောက်တာများ နှင်းခဲတွေနဲ့ဗျား။ နွေဦးပေါက်တော့ သူ့တဲဟာ ပြိုကျသွားတော့တာ။ ကျွန်တော့်တဲဟာ မပြိုကျ၊ အကောင်းအတိုင်းဗျ။ မြေခွေးကြီးက ရောက်လို့လာ ကျွန်တော့်ကို မောင်းထုတ်တာ။ ကျွန်တော့်တဲကို သူလုသွား။ ခုတော့ ကျွန်တော့်မှာ ငိုနေရတယ်ဗျား"

"မငိုပါနဲ့ ယုန်ကလေးရာ။ ငါက မင်းကိုကူညီမှာ။ မြေခွေးကြီးကို မင်းတဲက မောင်းထုတ်ပေးမဗျ။"

"အို၊ အပြောကောင်းပါပေ့ ကိုကြက်ရာ။ ဘယ်လိုမောင်းထုတ်မှာ။ ၀ံပုလွေလည်း မောင်းထုတ်ဖူး၊ မြေခွေးမကြောက်ဘူး။ ၀က်ဝံကလည်း မောင်းထုတ်ဖူး၊ မြေခွေး မပြေးဘူး။ " လို့ ယုန်ကလေးက မေးရှာသတဲ့။

"ငါမောင်းထုတ်ပြမှာပေါ့ကွာ။ သွားကြရအောင်ပါ" လို့ ကြက်ဖကြီးက ပြောတယ်။ သူတို့ အတူတူသွားကြတာပေါ့။ ရောက်ရောဆိုပါစို့။ ကြက်ဖကြီးက တဲထဲကို ၀င်သွားပြီး ခြံဝင်းထဲ မှာ ရပ်လိုက်သတဲ့။ အောက်အီးအီးအွတ်လို့ တစ်ချက်တွန်လိုက်ပြီး ခုလို အော်ထည့်လိုက်တယ်။

"ငါဟဲ့ကြက်ဖ မိုက်ခဲကွ
ငါဟဲ့အဆိုတော် စာရွတ်တော်
ခြေထောက်ကပုပု
အတက်ကစူးစူး
ပုခုံးမှာလှံသွားစိုက်လို့ထား
မြေခွေးခေါင်းကိုဖြတ်မယ်ဗျား"

မြေခွေးကလှဲအိပ်နေရင်းက လှမ်းပြောတယ်။

"သတိထားဟဲ့ ကြက်ဖစုတ်၊ ငါ့အမြီးက မာတုတ်တုတ်၊ ဟောဒီလိုလေ ရိုက်လိုက်မယ်၊ အသက်ထွက်ရော့ဟယ်"

ကြက်ဖကြီးက တဲထဲကို ခုန်ဝင်လိုက်ပြီး ထပ်အော်လိုက်ပြန်တယ်။

"ငါဟဲ့ကြက်ဖ မိုက်ခဲကွ
ငါဟဲ့အဆိုတော် စာရွတ်တော်
ခြေထောက်ကပုပု
အတက်ကစူးစူး
ပုခုံးမှာလှံသွားစိုက်လို့ထား
မြေခွေးခေါင်းကိုဖြတ်မယ်ဗျား"

ဆိုပြီး တစ်ခါတည်း မြေခွေးဆီ ခုန်ဝင်သွားတာပေါ့။ ပြီးတော့ မြေခွေးရဲ့ ကျောကုန်းကို နှုတ်သီးနဲ့ ဆိတ်ထည့်လိုက်တယ် ဆိုရင်ပဲ မြေခွေးကြီးခမျာ ယုန်ကလေးရဲ့ တဲအိမ်ကလေးကနေ တချိုးတည်း ထွက်ပြေးသွားရတော့တယ်။ ယုန်ကလေးက တဲထဲဝင်ပြီး တံခါးကို ပိတ်လိုက်သတဲ့။

ဒီလိုနဲ့ ယုန်ကလေးနဲ့ ကြက်ဖကြီးဟာ တဲလေးထဲမှာ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ကြသတဲ့ကွယ်။

ဘာသာပြန်မူပိုင်-အလှတရား

ပေါင်မုန့်လုံးကလေး (Kolobok)


 တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အဘိုးကြီးနဲ့ အဘွားကြီး လင်မယား နေထိုင်ကြသတဲ့။ သူတို့ခမျာ ဆင်းရဲလွန်းလို့တဲ့၊ စားဖို့ ပေါင်မုန့်လည်း မရှိဘူးတဲ့။ ဆားလည်း မရှိဘူးတဲ့။ အဲဒါကြောင့် အဘိုးကြီးက သူ့ရဲ့ ဂျုံသေတ္တာကြီးကို ဖွင့်ပြီး ဂျုံမှုန့် အကပ် အသပ်လေးတွေကို တုတ်နဲ့ ခြစ်ချလိုက်သတဲ့။ ရလာတဲ့ ဂျုံမှုန့်လေးတွေကို ရောနယ်ပြီး ဂျုံလုံးကလေးဖြစ်အောင် လုံးသတဲ့။ အဲဒီ ဂျုံလုံးလေးကို ဆီနဲ့နယ်ပြီး မီးဖိုပေါ်မှာ ပေါင်မုန့်ဖုတ်လိုက်သတဲ့။ ဖုတ်လို့ကျက်သွားတော့ ပြတင်းပေါက်နားမှာ ထားပြီး အအေးခံရတာပေါ့။

အဲဒီမှာတင်ပေါင်မုန့်လုံးကလေးဟာ မုန့်ဗန်းထဲက လျှောဆင်းပြီး ထွက်ပြေးပါလေရော။


ပေါင်မုန့်ကလေးက လမ်းလေးအတိုင်း ထွက်ပြေးသွားတာပေါ့။ အဲဒီလို ပြေးနေတုန်း ဗြုန်းဆို ယုန်ကလေးတစ်ကောင် ရောက်လာတယ်။

"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး" လို့ ယုန်ကလေးက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ယုန်လေးရယ်။ သီချင်းဆိုပြမယ်"

လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ဆိုပြီး ပေါင်မုန့်လုံးကလေးဟာ ယုန်ကလေးနားကနေ လှစ်ကနဲ ထွက်ပြေးသွားသတဲ့။

အဲဒီလိုပြေးနေတုန်း သူ့နားကို ဖြုန်းဆို ၀ံပုလွေဖြူကြီး ရောက်လာပါလေရော။




"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး"လို့ ၀ံပုလွေကြီးက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ကိုဝံပုလွေ ရယ်။ သီချင်းဆိုပြမယ်"လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ယုန်လေးဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ဆိုပြီး ပေါင်မုန့်လုံးကလေးဟာ ၀ံပုလွေဖြူကြီးနားကနေ လှစ်ကနဲ ထွက်ပြေးသွားသတဲ့။


ဒီလိုပြေးနေတုန်း ဖြုန်းဆိုဝက်ဝံကြီး ရောက်လာသတဲ့။


"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး"လို့ ၀က်ဝံက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ကိုဝက်ဝံ ရယ်။ သီချင်းဆိုပြမယ်" လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ယုန်လေးဆီက ထွက်ပြေးတယ်
ဝံပုလွေဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ဆိုပြီး ပေါင်မုန့်လုံးကလေးဟာ ၀က်ဝံကြီးနားကနေ လှစ်ကနဲ ထွက်ပြေးသွားသတဲ့။

 အဲဒီလိုပြေးနေတုန်း ဖြုန်းဆို မြေခွေးကြီး ရောက်လာသတဲ့။


"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး"လို့ မြေခွေးက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ကိုမြေခွေး ရယ်။ သီချင်းဆိုပြမယ်"လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ယုန်လေးဆီက ထွက်ပြေးတယ်
ဝံပုလွေဆီက ထွက်ပြေးတယ်
ဝက်ဝံဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ ဆိုလိုက်တယ်။

အဲဒါနဲ့ မြေခွေးကြီးက

"မကြားရဘူးကွယ် မုန့်လုံးရယ်။ မင်းဆိုသံက တိုးလွန်းတယ်။ ငါ့နှုတ်ခမ်းနားမှာ ထိုင်ပြီးများ၊ ဆိုပြစမ်းပါလား" လို့ ပြောသတဲ့။

အဲဒါနဲ့ ပေါင်မုန့်လုံးကလေးက နှုတ်ခမ်းနား ကပ်သွားတယ်။ သီချင်းဆိုပြတယ်။



"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်"

အဲဒါနဲ့ မြေခွေးကြီးက

"မကြားရဘူးကွယ် မုန့်လုံးရယ်။ မင်းဆိုသံက တိုးလွန်းတယ်။ ငါ့လျှာလေးပေါ်တက်လို့များ၊ ဆိုပြစမ်းပါလား" လို့ ပြောသတဲ့။

အဲဒါနဲ့ ပေါင်မုန့်လုံးကလေးက လျှာပေါ်ခုန်တက်လိုက်တယ်။ သီချင်းဆိုပြတယ်။

"သေတ္တာထဲကငါ့ကိုထုတ်" လို့ ဆိုပြရုံရှိသေး


မြေခွေးကြီးက ပေါင်မုန့်လုံးလေးကို ဂလွပ် ဆို ၀ါးစားပြီး မြိုချလိုက်ပါလေရောတဲ့ကွယ်။




ဘာသာပြန်မူပိုင်-အလှတရား





Reblog this post [with Zemanta]