Wednesday, 3 February 2010

ယုန်ကလေးရဲ့တဲအိမ် (Зайкина избушка)

ဟိုရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ မြေခွေးတစ်ကောင်နဲ့ ယုန်ကလေးတစ်ကောင်တို့ နေထိုင်ကြသတဲ့။ သူတို့နှစ်ဦးရဲ့ နေရာက တစ်ဦးနဲ့တစ်ဦး သိပ်မဝေးလှဘူး။ ဆောင်းဦးအော်တမ် ရာသီ ရောက်တဲ့အခါ တောအုပ်ကြီးလည်း  တဖြည်းဖြည်း အေးလာတော့တာပေါ့။ အဲဒါနဲ့ သူတို့ဟာ ဆောင်းရာသီ ရောက်တဲ့အခါမှာ အအေးဒဏ်ခံနိုင်ဖို့ တဲအိမ်ကလေးတွေ ဆောက်ကြဖို့ ဆုံးဖြတ်ကြတော့ တာပေါ့။  မြေခွေးက သူ့ရဲ့တဲအိမ်ကို နှင်းခဲတွေနဲ့ ဆောက်သတဲ့။ ယုန်ကတော့ ရွှံ့စေးနဲ့ ဆောက်တယ်။ ဆောင်းရာသီ ရောက်တဲ့အခါကျတော့ သူတို့နှစ်ဦးစလုံး တဲအသစ်ကလေးတွေ ငြိမ့်နေကြတာပေါ့။

အဲ... ဒီလိုနဲ့ နွေဦးပေါက် ရာသီ ရောက်လာတယ်။ နေမင်းကြီးကလည်း နွေးနွေးထွေးထွေး သာလို့။ အပူဓာတ်ကလေးရတယ် ဆိုရင်ပဲ တကတည်း မြေခွေးရဲ့ နှင်းဖတ် တဲအိမ်ကလေးဟာ ပျော်ကျသွားပါလေရော။ ယုန်ကလေးရဲ့ တဲအိမ်ကတော့ မပြိုဘူးတဲ့။ အဲဒါနဲ့ မြေခွေးက ယုန်ကလေးရဲ့တဲကို လာပြီး ယုန်ကလေးကို နှင်ထုတ်လိုက်တယ်။ ယုန်ကလေး ထွက်ပြေးသွားတော့ ယုန်ကလေးရဲ့ တဲမှာ ၀င်နေလိုက်သတဲ့။

ယုန်ကလေးဟာ အိမ်ကထွက်လာပြီး ဗြိရိုစ့် သစ်ပင်ကြီးအောက်မှာ ထိုင်ငိုနေတာပေါ့ကွယ်။ အဲဒီလိုငိုနေတုန်း ၀ံပုလွေကြီး ရောက်လာတယ်။ ယုန်ကလေး ငိုနေတာကို တွေ့သွားတော့ ၀ံပုလွေကြီးက

"ယုန်ကလေးရယ် ဘာကြောင့်ကွယ် ငိုနေရသလဲကွယ်"လို့ မေးလိုက်တယ်။

"မငိုပဲလေ ကျွန်တော့မှာ ဘယ်နေနိုင်မလဲ ခင်ဗျာ " လို့ ယုန်ကလေးက ဖြေရှာတယ်။

"ကျွန်တော်မျိုးနဲ့ မြေခွေးဟာ နီးနီးကပ်ကပ်နေခဲ့တာ။ ကျွန်တော်တို့ဟာ တဲအိမ်များ ဆောက်ခဲ့ကြတာဗျား။ ကျွန်တော်ကတော့ တဲအိမ်ကို ရွှံ့နဲ့ဆောက်သကို။ မြေခွေးကတော့ ဆောက်တာများ နှင်းခဲတွေနဲ့ဗျား။ နွေဦးပေါက်တော့ သူ့တဲဟာ ပြိုကျသွားတော့တာ။ ကျွန်တော့်တဲဟာ မပြိုကျ၊ အကောင်းအတိုင်းဗျ။ မြေခွေးကြီးက ရောက်လို့လာ ကျွန်တော့်ကိုလေ မောင်းထုတ်တာ။ ကျွန်တော့်တဲကို သူလုသွား။ ခုတော့ ကျွန်တော့်မှာ ငိုနေရတယ်ဗျား"

"မငိုပါနဲ့ ယုန်ကလေးရာ။ ငါက မင်းကို ကူညီမှာ။ မြေခွေးကြီးကို မင်းတဲက မောင်းထုတ်ပေးမယ်ဗျ။"

သူတို့အတူတူ သွားကြတာပေါ့။ ရောက်ရောဆိုပါစို့။ ၀ံပုလွေကြီးက တဲအိမ်ကလေးရဲ့ ခြံဝင်းထဲမှာ ရပ်လိုက်ပြီး မြေခွေးကို အော်ပြောလိုက်တယ်။

"ဘာလို့ သူများတဲကို ခိုးရသလဲကွ။ ဟေ...။ မီးလင်းဖိုယူပြီး ခုဆင်းသွားစမ်း။ တယ်လေ။ လှမ်းရိုက်လိုက်ရ" လို့ အော်ပြောသတဲ့။

မြေခွေးက နည်းနည်းမှ မကြောက်တဲ့ အပြင် ၀ံပုလွေကြီးကို ခုလို ပြန်ပြောလိုက်သေး တယ်။

"ပြေးလေရော့ဟဲ့ ၀ံပုလွေစုတ်၊ ငါ့အမြီးက မာတုတ်တုတ်၊ ဟောဒီလိုလေ ရိုက်လိုက်မယ်၊ အသက်ထွက်ရော့ဟယ်" ဆိုပြီး ပြောလိုက်တယ်တဲ့။

အဲဒါနဲ့ ၀ံပုလွေကြီးက ကြောက်ဒူးတုန်သွားသတဲ့။ ယုန်ကလေးကို ထားပြီး ထွက်ပြေးသွားပါလေရော။ ယုန်ကလေးခမျာ ဗြိရိုစ့်ပင်ကြီးအောက်မှာ ၀မ်းနည်းပမ်းနည်း ငိုနေရပြန်တာပေါ့။

တောအုပ်ထဲကို ၀က်ဝံကြီး အလည် ရောက်လာတယ်။ ယုန်ကလေး ငိုနေတာကို တွေ့သွားတော့ ၀က်ဝံကြီးက

"ယုန်ကလေးရယ် ဘာကြောင့်ကွယ် ငိုနေရသလဲကွယ်"လို့  မေးတယ်တဲ့။

"မငိုပဲနဲ့ ကျွန်တော့်မှာ ဘယ်နေနိုင်မလဲဗျာ " လို့ ယုန်ကလေးက ဖြေရှာတယ်။

"ကျွန်တော်မျိုးနဲ့ မြေခွေးဟာ နီးနီးကပ်ကပ်နေခဲ့တာ။ ကျွန်တော်တို့ဟာ တဲအိမ်များ ဆောက်ခဲ့ကြတာဗျား။ ကျွန်တော်ကတော့ တဲအိမ်ကို ရွှံ့နဲ့ဆောက်သကို။ မြေခွေးကတော့ ဆောက်တာများ နှင်းခဲတွေနဲ့ဗျား။ နွေဦးပေါက်တော့ သူ့တဲဟာ ပြိုကျသွားတော့တာ။ ကျွန်တော့်တဲဟာ မပြိုကျ၊ အကောင်းအတိုင်းဗျ။ မြေခွေးကြီးက ရောက်လို့လာ ကျွန်တော့်ကို မောင်းထုတ်တာ။ ကျွန်တော့်တဲကို သူလုသွား။ ခုတော့ ကျွန်တော့်မှာ ငိုနေရတယ်ဗျား"

"မငိုပါနဲ့ ယုန်ကလေးရာ။ ငါက မင်းကိုကူညီမှာ။ မြေခွေးကြီးကို မင်းတဲက မောင်းထုတ်ပေးမယ်ဗျ။"

သူတို့အတူတူ သွားကြတာပေါ့။ ရောက်ရောဆိုပါစို့။ ၀က်ဝံ တဲအိမ်ကလေးရဲ့ ခြံဝင်းထဲမှာ ရပ်လိုက်ပြီး မြေခွေးကို အော်ပြောလိုက်တယ်။

"ဘာလို့ သူများတဲကို ခိုးရသလဲကွ။ ဟေ။ မီးလင်းဖိုယူပြီး ခုဆင်းသွားစမ်း။ တယ်လေ။ လှမ်းရိုက်လိုက်ရ" လို့ အော်ပြောသတဲ့။

မြေခွေးက နည်းနည်းမှ မကြောက်တဲ့ အပြင် ၀က်ဝံကြီးကို ခုလို ပြန်ပြောလိုက်သေး ဆိုပဲ။

"သတိထားဟဲ့ ၀က်ဝံစုတ်၊ ငါ့အမြီးက မာတုတ်တုတ်၊ ဟောဒီလိုလေ ရိုက်လိုက်မယ်၊ အသက်ထွက်ရော့ဟယ်" ဆိုပြီး ပြောလိုက်တယ်တဲ့။

အဲဒါနဲ့ ၀က်ဝံကြီးက ကြောက်ဒူးတုန်သွားသတဲ့။ ယုန်ကလေးကို ထားပြီး ထွက်ပြေးသွားပါလေရော။ ယုန်ကလေးခမျာ ဗြိရိုစ့်ပင်ကြီးအောက်မှာ ၀မ်းနည်းပမ်းနည်း ငိုနေရပြန်တာပေါ့။

ရုတ်တရက်ပဲ ကြက်ဖကြီးတစ်ကောင်ဟာ တောထဲအလည်လာရင်း ယုန်ကလေး ငိုနေတာကို တွေ့ပါလေရော။ အဲဒါနဲ့ ယုန်ကလေးအနားကို ကပ်လာပြီးမေးတယ်။

"ယုန်ကလေးရယ် ဘာကြောင့်ကွယ် ငိုနေရသလဲကွယ်"

"မငိုပဲနဲ့ ကျွန်တော့်မှာ ဘယ်နေနိုင်မလဲဗျာ " လို့ ယုန်ကလေးက ဖြေရှာတယ်။

"ကျွန်တော်မျိုးနဲ့ မြေခွေးဟာ နီးနီးကပ်ကပ်နေခဲ့တာ။ ကျွန်တော်တို့ဟာ တဲအိမ်များ ဆောက်ခဲ့ကြတာဗျား။ ကျွန်တော်ကတော့ တဲအိမ်ကို ရွှံ့နဲ့ဆောက်သကို။ မြေခွေးကတော့ ဆောက်တာများ နှင်းခဲတွေနဲ့ဗျား။ နွေဦးပေါက်တော့ သူ့တဲဟာ ပြိုကျသွားတော့တာ။ ကျွန်တော့်တဲဟာ မပြိုကျ၊ အကောင်းအတိုင်းဗျ။ မြေခွေးကြီးက ရောက်လို့လာ ကျွန်တော့်ကို မောင်းထုတ်တာ။ ကျွန်တော့်တဲကို သူလုသွား။ ခုတော့ ကျွန်တော့်မှာ ငိုနေရတယ်ဗျား"

"မငိုပါနဲ့ ယုန်ကလေးရာ။ ငါက မင်းကိုကူညီမှာ။ မြေခွေးကြီးကို မင်းတဲက မောင်းထုတ်ပေးမဗျ။"

"အို၊ အပြောကောင်းပါပေ့ ကိုကြက်ရာ။ ဘယ်လိုမောင်းထုတ်မှာ။ ၀ံပုလွေလည်း မောင်းထုတ်ဖူး၊ မြေခွေးမကြောက်ဘူး။ ၀က်ဝံကလည်း မောင်းထုတ်ဖူး၊ မြေခွေး မပြေးဘူး။ " လို့ ယုန်ကလေးက မေးရှာသတဲ့။

"ငါမောင်းထုတ်ပြမှာပေါ့ကွာ။ သွားကြရအောင်ပါ" လို့ ကြက်ဖကြီးက ပြောတယ်။ သူတို့ အတူတူသွားကြတာပေါ့။ ရောက်ရောဆိုပါစို့။ ကြက်ဖကြီးက တဲထဲကို ၀င်သွားပြီး ခြံဝင်းထဲ မှာ ရပ်လိုက်သတဲ့။ အောက်အီးအီးအွတ်လို့ တစ်ချက်တွန်လိုက်ပြီး ခုလို အော်ထည့်လိုက်တယ်။

"ငါဟဲ့ကြက်ဖ မိုက်ခဲကွ
ငါဟဲ့အဆိုတော် စာရွတ်တော်
ခြေထောက်ကပုပု
အတက်ကစူးစူး
ပုခုံးမှာလှံသွားစိုက်လို့ထား
မြေခွေးခေါင်းကိုဖြတ်မယ်ဗျား"

မြေခွေးကလှဲအိပ်နေရင်းက လှမ်းပြောတယ်။

"သတိထားဟဲ့ ကြက်ဖစုတ်၊ ငါ့အမြီးက မာတုတ်တုတ်၊ ဟောဒီလိုလေ ရိုက်လိုက်မယ်၊ အသက်ထွက်ရော့ဟယ်"

ကြက်ဖကြီးက တဲထဲကို ခုန်ဝင်လိုက်ပြီး ထပ်အော်လိုက်ပြန်တယ်။

"ငါဟဲ့ကြက်ဖ မိုက်ခဲကွ
ငါဟဲ့အဆိုတော် စာရွတ်တော်
ခြေထောက်ကပုပု
အတက်ကစူးစူး
ပုခုံးမှာလှံသွားစိုက်လို့ထား
မြေခွေးခေါင်းကိုဖြတ်မယ်ဗျား"

ဆိုပြီး တစ်ခါတည်း မြေခွေးဆီ ခုန်ဝင်သွားတာပေါ့။ ပြီးတော့ မြေခွေးရဲ့ ကျောကုန်းကို နှုတ်သီးနဲ့ ဆိတ်ထည့်လိုက်တယ် ဆိုရင်ပဲ မြေခွေးကြီးခမျာ ယုန်ကလေးရဲ့ တဲအိမ်ကလေးကနေ တချိုးတည်း ထွက်ပြေးသွားရတော့တယ်။ ယုန်ကလေးက တဲထဲဝင်ပြီး တံခါးကို ပိတ်လိုက်သတဲ့။

ဒီလိုနဲ့ ယုန်ကလေးနဲ့ ကြက်ဖကြီးဟာ တဲလေးထဲမှာ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ကြသတဲ့ကွယ်။

ဘာသာပြန်မူပိုင်-အလှတရား

ပေါင်မုန့်လုံးကလေး (Kolobok)


 တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အဘိုးကြီးနဲ့ အဘွားကြီး လင်မယား နေထိုင်ကြသတဲ့။ သူတို့ခမျာ ဆင်းရဲလွန်းလို့တဲ့၊ စားဖို့ ပေါင်မုန့်လည်း မရှိဘူးတဲ့။ ဆားလည်း မရှိဘူးတဲ့။ အဲဒါကြောင့် အဘိုးကြီးက သူ့ရဲ့ ဂျုံသေတ္တာကြီးကို ဖွင့်ပြီး ဂျုံမှုန့် အကပ် အသပ်လေးတွေကို တုတ်နဲ့ ခြစ်ချလိုက်သတဲ့။ ရလာတဲ့ ဂျုံမှုန့်လေးတွေကို ရောနယ်ပြီး ဂျုံလုံးကလေးဖြစ်အောင် လုံးသတဲ့။ အဲဒီ ဂျုံလုံးလေးကို ဆီနဲ့နယ်ပြီး မီးဖိုပေါ်မှာ ပေါင်မုန့်ဖုတ်လိုက်သတဲ့။ ဖုတ်လို့ကျက်သွားတော့ ပြတင်းပေါက်နားမှာ ထားပြီး အအေးခံရတာပေါ့။

အဲဒီမှာတင်ပေါင်မုန့်လုံးကလေးဟာ မုန့်ဗန်းထဲက လျှောဆင်းပြီး ထွက်ပြေးပါလေရော။


ပေါင်မုန့်ကလေးက လမ်းလေးအတိုင်း ထွက်ပြေးသွားတာပေါ့။ အဲဒီလို ပြေးနေတုန်း ဗြုန်းဆို ယုန်ကလေးတစ်ကောင် ရောက်လာတယ်။

"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး" လို့ ယုန်ကလေးက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ယုန်လေးရယ်။ သီချင်းဆိုပြမယ်"

လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ဆိုပြီး ပေါင်မုန့်လုံးကလေးဟာ ယုန်ကလေးနားကနေ လှစ်ကနဲ ထွက်ပြေးသွားသတဲ့။

အဲဒီလိုပြေးနေတုန်း သူ့နားကို ဖြုန်းဆို ၀ံပုလွေဖြူကြီး ရောက်လာပါလေရော။




"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး"လို့ ၀ံပုလွေကြီးက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ကိုဝံပုလွေ ရယ်။ သီချင်းဆိုပြမယ်"လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ယုန်လေးဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ဆိုပြီး ပေါင်မုန့်လုံးကလေးဟာ ၀ံပုလွေဖြူကြီးနားကနေ လှစ်ကနဲ ထွက်ပြေးသွားသတဲ့။


ဒီလိုပြေးနေတုန်း ဖြုန်းဆိုဝက်ဝံကြီး ရောက်လာသတဲ့။


"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး"လို့ ၀က်ဝံက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ကိုဝက်ဝံ ရယ်။ သီချင်းဆိုပြမယ်" လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ယုန်လေးဆီက ထွက်ပြေးတယ်
ဝံပုလွေဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ဆိုပြီး ပေါင်မုန့်လုံးကလေးဟာ ၀က်ဝံကြီးနားကနေ လှစ်ကနဲ ထွက်ပြေးသွားသတဲ့။

 အဲဒီလိုပြေးနေတုန်း ဖြုန်းဆို မြေခွေးကြီး ရောက်လာသတဲ့။


"ဘယ်ပြေးမလို့တုန်း ပေါင်မုန့်လုံး၊ မင်းကိုဖြင့်ငါ စားချင်သေး"လို့ မြေခွေးက ဆိုသတဲ့။

ပေါင်မုန့်လုံးကလေးက

"မစားပါနဲ့ ကိုမြေခွေး ရယ်။ သီချင်းဆိုပြမယ်"လို့ပြောပြီး အခုလို သီချင်းဆိုပြတာပေါ့ကွယ်။

"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်
မီးဖုတ်ပြီးတော့ ပြတင်းပေါက်နား
အအေးခံထားတယ်
အဲဒါကြောင့်လေ ငါ့မှာကွယ်
ဘိုးဘိုးဆီက ထွက်ပြေးတယ်
ဘွားဘွားဆီက ထွက်ပြေးတယ်
ယုန်လေးဆီက ထွက်ပြေးတယ်
ဝံပုလွေဆီက ထွက်ပြေးတယ်
ဝက်ဝံဆီက ထွက်ပြေးတယ်
ခုလည်းပြေးပြီကွယ်" လို့ ဆိုလိုက်တယ်။

အဲဒါနဲ့ မြေခွေးကြီးက

"မကြားရဘူးကွယ် မုန့်လုံးရယ်။ မင်းဆိုသံက တိုးလွန်းတယ်။ ငါ့နှုတ်ခမ်းနားမှာ ထိုင်ပြီးများ၊ ဆိုပြစမ်းပါလား" လို့ ပြောသတဲ့။

အဲဒါနဲ့ ပေါင်မုန့်လုံးကလေးက နှုတ်ခမ်းနား ကပ်သွားတယ်။ သီချင်းဆိုပြတယ်။



"သေတ္တာထဲကငါ့ကိုထုတ်
ဆီနဲ့သုတ်ကြတယ်။
ဆီသုတ်ပြီးတော့မီးနဲ့ဖုတ်
အလွန်ပူလှတယ်"

အဲဒါနဲ့ မြေခွေးကြီးက

"မကြားရဘူးကွယ် မုန့်လုံးရယ်။ မင်းဆိုသံက တိုးလွန်းတယ်။ ငါ့လျှာလေးပေါ်တက်လို့များ၊ ဆိုပြစမ်းပါလား" လို့ ပြောသတဲ့။

အဲဒါနဲ့ ပေါင်မုန့်လုံးကလေးက လျှာပေါ်ခုန်တက်လိုက်တယ်။ သီချင်းဆိုပြတယ်။

"သေတ္တာထဲကငါ့ကိုထုတ်" လို့ ဆိုပြရုံရှိသေး


မြေခွေးကြီးက ပေါင်မုန့်လုံးလေးကို ဂလွပ် ဆို ၀ါးစားပြီး မြိုချလိုက်ပါလေရောတဲ့ကွယ်။




ဘာသာပြန်မူပိုင်-အလှတရား





Reblog this post [with Zemanta]